Pages

Saturday, April 5, 2014

ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ

(ယမန်နှစ် ရန်ကုန်သင်္ကြန်ပွဲတော် မြင်ကွင်းတစ်ခု (ဓာတ်ပုံ)အောင်မျိုးသန့်)
RangonNewsDaily: April . 5 .2014
နွေလေပူနဲ့အတူ သံစဉ်တစ်ခုကို ကြားနေရလေပြီ။ အဲဒီသံစဉ်ဟာ မြန်မာလူမျိုးတိုင်း ကြည်နူးရတဲ့ပွဲတော်ကာလ ရောက်တော့မယ့် သင်္ကေတလည်း ဖြစ်ပါတယ်။ တူးပို့သံစဉ်ဟာ ရောက်ရှိလာမယ့် သင်္ကြန်ကို ဖော်ပြသလို လူတိုင်းဟာ သင်္ကြန်အငွေ့အသက်မှာ ဆွဲဆောင်ခံရပြီး သင်္ကြန်မှာ ဘယ်လိုဆင်နွှဲမလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရင်ခုန်ကြပါတယ်။
သင်္ကြန်ပွဲတော်ကိုဆင်နွှဲလိုသူတွေရဲ့တစ်ဖက်မှာတော့ ဈေးကွက်စီးပွားရေးစနစ်လို့ ပြောကြတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ခါတော်
မီဈေးရောင်း မြှင့်တင်မှုတွေကို သတင်းစာတွေမှာ ရောင်စုံမျက်နှာတွေနဲ့ အပြိုင်အဆိုင် ကြော်ငြာတာကိုလည်း တွေ့ရပြီဖြစ်ပါတယ်။

ကြော်ငြာတွေထဲမှာ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေကနေ တိုက်ခန်း၊ ကွန်ဒိုတွေကို ပွဲတော်ကာလအတွင်း ရာခိုင်နှုန်းလျှော့

ချပြီး ရောင်းပေးမယ်ဆိုတဲ့ ကြော်ငြာတွေအပြင် ရေကစားမဏ္ဍပ်ဆောက်ပြီး လက်မှတ်ရောင်းမယ့် သူတွေကလည်း လာရောက်က
စား လိုသူတွေကို ၀န်ဆောင်မှုအစုံနဲ့ ဖော်ပြကြတဲ့ ကြော်ငြာတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ 

အဲဒီကြော်ငြာတွေထဲက ဆန်းပြားတဲ့ ကြော်ငြာတစ်ခုကို တွေ့လိုက်ရပါတယ်။ အရက်ကုမ္ပဏီတစ်ခုက စပွန်ဆာပေးပြီး မန္တလေးမြို့
မှာဆောက်မယ့် ဖျော်ဖြေရေးမဏ္ဍပ်နဲ့အတူ ရေကစားမဏ္ဍပ်မှာ လှပျိုဖြူ ၁၀၀ ကို လာရောက်ရေကစားဖို့ ဖိတ်ခေါ်ထားတဲ့ ကြော်ငြာပါ။

လာရောက်ကစားမယ့် မိန်းကလေးတွေဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အတွင်း ရှိရမှာဖြစ်ပြီး ရုပ်ရည်ချောမော ပြေပြစ်ရမယ်လို့

လည်းပါကာ ရေကစားမယ့်သူတွေကို အလှမယ်ရွေးသလို သတ်မှတ်ပြီး ခေါ်နေတာကြောင့် ကြော်ငြာကို စိတ်ဝင်စားကာ ဆက်ဖတ်
လိုက်ပါတယ်။ အခမဲ့လာရောက် ကစားနိုင်သလို စားသောက်စရိတ်၊ အကြို၊ အပို့ တွေလည်း လုပ်ပေးမယ်လို့ပါပြီး အ၀တ်အစား
ကိုလည်း စီစဉ်ပေးမယ်တဲ့။ 

စီစဉ်ပေးမယ့်အ၀တ်အစားကလည်း ခေတ်ပေါ်အ၀တ်အစားပါတဲ့။ ကြော်ငြာကိုဖတ်မိပြီးနောက် ရေကစားပွဲမှာဘယ်လိုအစီအ
စဉ်တွေမှာ ပါဝင်ရမှာမို့ မိန်းကလေးရာချီ ရေကစားဖို့ရွေးပြီး ဖိတ်ခေါ်ရလဲဆိုတဲ့ အကြောင်းရင်းကို တွေးတောမိပါတယ်။

 နောက်မန္တလေးလို နန်းစိုက်မြို့ရဲ့ မြို့ရိုးရှိ ကျုံးပတ်လည်မှာ တည်ဆောက်မယ့် ရေကစားမဏ္ဍပ်မှာ ဘယ်လိုဖျော်ဖြေမှုတွေနဲ့ ရေကစားမှာလဲ ဆိုတာကိုလည်း သတ်မှတ်ချက်တွေကိုဖတ်ပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ပြီး စဉ်းစားမိပါတယ်။

ငယ်စဉ်ကကြည့်ခဲ့ရတဲ့ မန္တလေးသင်္ကြန် မြင်ကွင်းကို ပုံဖော်ထားတဲ့ "သင်္ကြန်မိုး" ရုပ်ရှင်ဇာတ်ကားမှာ နှစ်ဆယ်ရာစုခေတ်ရဲ့ သင်္ကြန်ရေကစားတဲ့ မြင်ကွင်းကိုတွေ့ခဲ့ရပြီး မန္တလေးကျုံးပတ်လည်ရှိ ရေကစားမှု ပုံရိပ်၊ ငွေငန်းရုပ်နဲ့မြို့ကို လည်ပတ်ဖျော်ဖြေတဲ့ ဖျော်ဖြေရေးယာဉ်စတဲ့ မြင်ကွင်းတွေကိုပါ မြင်တွေ့သိခွင့်ရခဲ့ပါတယ်။


 ငွေဖလားထဲကရေကို သပြေခက်နဲ့ ရေပက်တဲ့ မြင်ကွင်းတွေနဲ့ စည်းချက်ကျစွာကတဲ့ သင်္ကြန်ယိမ်းတွေကို မြင်ခဲ့ရတာကြောင့် မြန်မာ့ရိုးရာသင်္ကြန် ပုံရိပ်တွေဟာ ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ အဲဒီပုံရိပ်တွေကို ပြန်လည်မြင်ယောင် တွေးမိတာကြောင့် ခေတ်နောက်ပြန်ဆွဲ သွားလိုတာ မဟုတ်ဘဲ ရိုးရာရှိခဲ့တဲ့ သင်္ကြန်ပွဲကို သတိရမိခြင်း ဖြစ်ပါတယ်။

တကယ်တော့ သင်္ကြန်ဆိုတဲ့စကားလုံးဟာ "သင်္ကန္ထဆိုတဲ့ 'ပါဠိပုဒ်ကလာတဲ့' သက္ကတ" ရရစ်သံနဲ့ သင်္ကြန်ဆိုပြီး မြန်မာစကား ဖြစ်ပေါ်လာတယ်လို့ မြန်မာအဘိဓာန်မှာ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဖြစ်ပါတယ်။ 


သင်္ကြန်ကာလဖြစ်တဲ့ ရာသီဟာ မိဿရာသီဖြစ်ပြီး ရာသီအဦးအစ ဖြစ်တာကြောင့် ရာသီကုန် နှစ်ဟောင်းကနေ ရာသီသစ် နှစ်သစ်ကို ကူးပြောင်းတယ်လို့လည်း သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ရေသဘင်ပွဲတော်ဟာ မြန်မာလူမျိုးတို့ရဲ့ ဆယ့်နှစ်လရာသီ ပွဲတော်မှာ အလွန်ကြီးကျယ် ခမ်းနားတဲ့ အမျိုးသား ပွဲတော်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

ဒီလိုတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲတဲ့ရေသဘင်ပွဲရဲ့ ၂၁ ရာစု ခေတ်သင်္ကြန်မြင်ကွင်းမှာတော့ ငွေဖလားခွက်နေရာမှာ မီးသတ်ပိုက်၊ ဂန်းပိုက်ရေပိုက် ခေါင်း၊ ပလတ်စတစ် ရေဖလားတွေ အစားထိုးလာသလို စည်းချက်ညီသင်္ကြန် ယိမ်းအကမှာ နိုင်ငံတကာ သံစဉ်တေးသွားတွေနဲ့ အနောက်တိုင်းအကတွေ၊ အ၀တ်အစားတွေ နေရာရလာပါတယ်။


 မြန်မာ့ရိုးရာ သင်္ကြန်ရာသီမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ သာဂူ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး စတဲ့မုန့်တွေ နေရာမှာ ဘီယာ၊ အရက်၊ ၀ိုင်စတဲ့ ယမကာတွေ မှီဝဲကာ ရေကစား လာကြပါတယ်။ ဒီပုံရိပ်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်း လောက်ကစပြီး ကင်မရာတွေ၊ ဖုန်းကင်မရာတွေနဲ့ ရိုက်ကူးကာ စက္ကန့်မလပ် မြင်တွေ့ကြားသိရတဲ့ မျက်နှာစာအုပ် (facebook)မှာ ပိုမိုမြင်တွေ့လာခဲ့ရသလို သင်္ကြန်ကို လူကြီးသူမ အများစုက နားရှုပ်၊ မျက်စိရှက်စရာတွေ မြင်ရတဲ့ မကောင်းတဲ့ မြင်ကွင်းတွေ ပုံဖော်နေတဲ့ပွဲတော်လို့ မြင်လာပါတယ်။

ဒီလို အမြင်မကောင်းတဲ့ မြင်ကွင်းတွေကြောင့် ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ပွဲတော်ကို အမြင်လွဲလာမှုတွေ ရှိလာပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်းလာတယ်လို့ ပြောဆိုနေကြတဲ့ကာလမှာ ယဉ်ကျေးမှုတွေပါ ပြောင်းလာနေပါတယ်။ 


လူငယ်တွေဖြစ်တာကြောင့် ခေတ်နဲ့အညီ ၀တ်စားဆင်ယင် ရေကစားမှုကို အတိုင်းအတာ တစ်ခုအထိ လက်ခံနိုင်ပေမယ့် လွန်ကဲ
စွာနဲ့ ခေတ်လွန်အပြိုင်အဆိုင် ၀တ်ဆင်ကာ ယမကာမှီဝဲပြီး ရိုးရာအနှစ်သာရကို ဖျက်ကာ ရိုးရာအလှ ပျက်မှာကိုတော့ မလိုလားတာ အမှန်ပါ။ မြန်မာတို့ရဲ့ ချစ်စရာရိုးရာ သင်္ကြန်ပွဲရဲ့ အမြင်မလှတဲ့ မြင်ကွင်းတွေကို နောင်မျိုးဆက်တွေကို မမြင်စေလိုသလို မလှတဲ့မြင်
ကွင်းတွေ မြင်တွေ့ပြီး အတုယူ မှတ်သားလိုက်ရင်ဖြင့်...။

Eleven Media  ,
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment