Pages

Sunday, March 2, 2014

ဘန်ကောက် ပိတ်ဆို့ရေး အစီအစဉ် ရပ်ဆိုင်းမည်ဟု ထိုင်းဆန္ဒပြခေါင်းဆောင် ပြောကြား


RangonNewsDaily: March . 2 .2014
ဘန်ကောက်မြို့ ပိတ်ဆို့ရေး အစီအစဉ်ကို မတ်လ ၃ ရက်နေ့တွင် ရပ်ဆိုင်းသွားမည်ဟု ထိုင်းအတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူသက်က သောကြာနေ့ညတွင် ပြောကြားသွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ဆန္ဒပြသမားများ စုဝေးရာ နေရာများတွင် ပစ်ခတ်မှုများ၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလာပြီးနောက် ဘန်ကောက် ပိတ်ဆို့ရေး အစီအစဉ် ရပ်ဆိုင်းမည်ဟု အတိုက်အခံများက ထုတ်ပြန်ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် ရည်ရွယ်ပြီး အတိုက်အခံများက ဇန်နဝါရီ ၁၃ ရက်နေ့၌ စတင်ပြီး ဘန်ကောက်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြို့တော်တွင်းရှိ ဆန္ဒပြသမားများ စုဝေးရာ နေရာများမှ အတိုက်အခံများကို ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်သော်လည်း လန်ပီနီ ပန်းခြံအတွင်း ဆန္ဒပြသမားများ ဆက်လက် နေရာယူထားမည်ဟု အတိုက်အခံ ခေါင်းဆောင် ဆူသက်က ပြောကြားသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်မှစ၍ စုဝေးရာ နေရာများတွင် ဆန္ဒပြသမားများက သိသိသာသာ လျော့နည်းလာပြီး နေရာအများစုတွင် လူသူ ကင်းမဲ့လျက်ရှိကာ ညနေခင်း ဆန္ဒပြပွဲများတွင်သာ လူထောင် ဂဏန်းခန့် ပူးပေါင်း ပါဝင်လျက်ရှိသည်။

ဆန္ဒပြမှုများ လေးလကျော်ကြာ ဖြစ်ပွားခဲ့သဖြင့် ထိုင်းဝန်ကြီး ချုပ်ယင်းလပ်မှာ ပြင်းထန်သော ဖိအားများအောက် ရောက်ရှိခဲ့သော်လည်း ယခုအခါ ဖိအားဒဏ်မှ သက်သာရာ ရရှိလာပြီ ဖြစ်သည်။

ဘန်ကောက် မြို့တော်တွင်းရှိ အဓိက လမ်းဆုံလမ်းခွများကို ဆန္ဒပြသမားများက တစ်လကျော်ကြာ သိမ်းပိုက်ထားပြီး အစိုးရ ဌာနချုပ်များ၊ ရုံးများကို သိမ်းပိုက်ခဲ့ကာ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ အပြင်ဘက်တွင် နေရာယူ စခန်းချထား ခဲ့ကြသည်။

ဆန္ဒပြပွဲများကြောင့် ဖြစ်ပွားလာသော ယာဉ်သွားလာမှု ရှုပ်ထွေးမှု လျှော့ချနိုင်ရန် လူထုစုဝေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းအတိုက်အခံ ခေါင်းဆောင် ဆူသက်က ပြောကြားသည်။

ထို့အပြင် ဆန္ဒပြပွဲများနှင့် ဆက်စပ်နေသော အကြမ်းဖက်မှု များကြောင့် လူပေါင်း ၂၃ ဦး သေဆုံးသွားပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ထိုင်းအစိုးရ ဖြုတ်ချရေးနှင့် နိုင်ငံရေး လောကအပေါ် ယင်းလပ် မိသားစု လွမ်းမိုးထားမှု ရပ်တန့်နိုင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။
“မေလအတွင်း ကစားပွဲကို အဆုံးသတ်နိုင်ဖို့ အရှိန်မြှင့်တင်သွားမယ်” ဟု ဆူတက်က ပြောကြားသည်။

ယင်းကဲ့သို့သော ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်သည့် ခရီးသွားဦးရေ လျော့ကျသွားခဲ့ကာ တိုးတက်မှု နှေးကွေးနေသော ထိုင်းစီးပွားရေးမှာ ပိုမိုအခက်ကြုံခဲ့ရသည်။

ဆန္ဒပြပွဲဖိအားများမှ သက်သာရာ ရရှိခဲ့ပြီ ဖြစ်သော်လည်း ထိုင်းဝန်ကြီးချုပ် ယင်းလတ်ကို ဆန်ဝယ်ယူရေး အစီအစဉ်တွင် တာဝန်ယူမှု ကင်းမဲ့မှုဖြင့် တရားစွဲဆိုထားသည်။

ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိပါက ယင်းလပ်ကို ရာထူးမှ ဖယ်ရှားသွားမည် ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ငါးနှစ် ပိတ်ပင်ခံရမည် ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment