Pages

Tuesday, March 18, 2014

ဂျာနယ်လစ်များနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများ ကန့်ကွက်နေသည့်ကြားမှ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

RangonNewsDaily: March . 18 .2014
လက်ရှိအစိုးရက လုပ်ကိုင်နေသည့် နေ့စဉ်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်မည့် 'အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း'ကို ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။စစ်မှန်သည့် မီဒီယာများထွန်းကားလာစေရေးအတွက် မီဒီယာများသည် အစိုးရနှင့် အင်အားကြီးမားသော ပုဂ္ဂလိကများ၏ အကျိုးစီးပွားများမှ ကင်းလွတ်ရမည်ဖြစ်ကြောင်း၊ အဂတိတရား လေးပါးမှ ကင်းလွတ်ရန် လိုအပ်ကြောင်း၊ ထိုသို့လွတ်လပ်ပြီး အမှီအခိုကင်းသည့် မီဒီယာများ ဖြစ်လာစေရေးအတွက် နိုင်ငံပိုင် မီဒီယာများအား အများပြည်သူဝန်ဆောင်မှုအဖြစ် ပြောင်းလဲရန်လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဥပဒေကြမ်း အဆိုတင်သွင်းစဉ် ပြောကြားသည်။
"ယနေ့ မြန်မာနိုင်ငံမှာ စုစုပေါင်းသတင်းစာစောင်ရေ ခြောက်သိန်းကျော်ခန့်သာ ထုတ်ဝေနိုင်ပါသေးတယ်။ သတင်းစာတစ်စောင်ကို လူ ၁၀ ဦးဖတ်တယ်လို့ ယူဆပြီးတွက်ချက်လျှင်ပင် အသက် ၁၀ နှစ်နှင့်အထက် သတင်းစာဖတ်နိုင်တဲ့ လူဦးရေ ၄၉ သန်းမှာ ၄၃ သန်းခန့်ဟာ သတင်းစာလုံးဝဖတ်ခွင့်မရဘဲ ဖြစ်နေတာကိုလည်း ကျွန်တော်တို့ သတိပြုကြဖို့ လိုအပ်ပါတယ်။

အများစုဟာ ကျေးလက်ဒေသနဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်နေကြသူများနဲ့ နေ့စဉ်သတင်းစာကိုပင် ၀ယ်မဖတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးနေသူများ ဖြစ်ကြပါတယ်။ ဈေးကွက်ကိုသာရှေးရှုတဲ့ ပုဂ္ဂလိကသတင်းစာများရောက်ရှိရန် ခဲယဉ်းတဲ့ဒီဟာအတွက်ကြည့်ဖို့ အကျိုးအမြတ်မယူ၊ စီးပွားဖြစ်မဟုတ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာကသာ ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

"မီဒီယာဗဟုဝါဒမရှိရင် ပြည်သူလူထုဟာ ရွေးချယ်ပိုင်ခွင့်မရှိတဲ့အတွက်လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ လွတ်လပ်စွာသိရှိပိုင်ခွင့်တို့ဟာ နည်းမှန်လမ်းမှန် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီ ရေရှည်ရှင်သန်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းမှာ လွတ်လပ်၍ အမှီအခိုကင်းတဲ့ ဗဟုဝါဒရှိရမယ်လို့ ဥရောပသမဂ္ဂမှာ အတိအကျပြဋ္ဌာန်းထားတာကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 


အများပြည်သူ ၀န်ဆောင်မှုဥပဒေကြမ်းကို လွှတ်တော်ကသာ လက်ခံစဉ်းစားပြီး အတည်ပြုပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မီဒီယာအခင်းအကျင်းဟာ သတင်းစာများ၊ ရေဒီယိုများ၊ FM နဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းတွေ အားလုံးဟာ အများပြည်သူဝန်ဆောင်မှုပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင်၊ အစိုးရဌာနပိုင်၊ စီးပွားဖြစ်မဟုတ်သော အဖွဲ့အစည်းပိုင်၊ အခမဲ့ဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းသားနဲ့ ဒေသန္တရ အစုအဖွဲ့ပိုင် အစရှိသဖြင့် ဗဟုမီဒီယာပုံစံ လုံးဝဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုသည်မှာ အများပြည်သူအကျိုးစီးပွားအတွက် အများပြည်သူက ဘဏ္ဍာငွေအထောက်အပံ့ပေးပြီး အများပြည်သူက ထိန်းကျောင်းသော မီဒီယာဟု ယူနက်စကိုက သတ်မှတ်ထားကြောင်း၊ အများပြည်သူဝန်ဆောင်မှု မီဒီယာအပေါ် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ၀င်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်စေရမည်လည်းဖြစ်ကြောင်း၊ 


ထို့ပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် အများပြည်သူ ကောင်းကျိုးချမ်းသာအတွက် ထောက်ပံ့ပေးရသည့် ၀တ္တရားရှိကြောင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် အသိပညာပေးခြင်းလုပ်ငန်းသည် လူထု၏ ပညာရေး၊ ကျန်းမာရေးကဲ့သို့ တန်းတူသဘောထား ထောက်ပံ့ပေးသင့်သည့် လုပ်ငန်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းအရ အများပြည်သူဝန်ဆောင်မှုမီဒီယာအတွက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာကောင်စီတစ်ခုကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ငါးဦးစီ ရွေးချယ်ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါကောင်စီအောက်တွင် အုပ်ချုပ်ရေးအဖွဲ့ ထပ်မံဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် ကောင်စီပေါ်ပေါက်လာချိန်တွင် နိုင်ငံတော်ပိုင်ဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အခွင့်အာဏာ၊ လုပ်ငန်းလည်ပတ်မှု၊ ပိုင်ဆိုင်မှု၊ အသုံးအဆောင်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေစာရင်းများ၊ စာချုပ်များနှင့် အခြားထောက်ပံ့ပစ္စည်းများကို လွှဲပြောင်းရယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကောင်စီအနေဖြင့် မီဒီယာလုပ်ငန်းအတွက် အလှူရှင်များနှင့် ဆက်သွယ်၍ ရရှိသော ရန်ပုံငွေဖြင့် နည်းပညာဆိုင်ရာ အကူအညီပေးခြင်း၊ သင်တန်းလိုအပ်ချက်များ အကဲဖြတ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်း၊ ပရိသတ်စစ်တမ်း ကောက်ယူမှု၊ သတင်းအချက်အလက် နည်းပညာသစ်များ၏ အများပြည်သူ ၀န်ဆောင်မှုမီဒီယာအပေါ် သက်ရောက်မှုနှင့် အခြားအကျိုးရလဒ်ရရှိစေမည့် ကိစ္စရပ်များ သုတေသနပြုလုပ်ခြင်း၊ အများပြည်သူဝန်ဆောင်မှု မီဒီယာများအကြား သတင်းအချက်အလက်နှင့် အစီအစဉ်များ ဖလှယ်နိုင်ရန် ကူညီပံ့ပိုးခြင်း၊ 


အများပြည်သူ ၀န်ဆောင်မှု မီဒီယာများအတွက် လိုအပ်သော ပုံနှိပ်စက်များနှင့် အခြားပစ္စည်းကိရိယာများ လျှော့ပေါ့သော နှုန်းထားဖြင့်ဝယ်ယူနိုင်ရန် အကူအညီပေးခြင်း၊ လိုအပ်သောပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ ၀ယ်ယူတင်သွင်းရာတွင် စည်းကြပ်ခွန် လျှော့ပေါ့ပေးရေးအတွက် လည်းကောင်း၊ 

အများပြည်သူ ၀န်ဆောင်မှုသတင်းစာနှင့် အကျိုးအမြတ်ရှေးရှုခြင်းမရှိသော သတင်းစာများ ဖြန့်ဖြူးရာတွင် သယ်ယူပို့ဆောင်ရေး စရိတ်သက်သာစေရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ငွေများ ပေးနိုင်ရေးအတွက် တိကျသည့် လုပ်ငန်းမှတ်တမ်းထား ရှိခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူဝန်ဆောင်မှု မီဒီယာများအတွက် လိုအပ်သော အသုံးစရိတ်၏ ရာခိုင်နှုန်း ၇၀ ကို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှသော်လည်းကောင်း၊ အခွန်အခ တစ်မျိုးမျိုးမှသော်လည်းကောင်း ရရှိမည်ဖြစ်ပြီး အဆိုပါနှစ်စဉ် ထောက်ပံ့ငွေအား ၎င်းတို့ထံ တိုက်ရိုက်ထုတ်ပေးရမည်ဟုလည်း ဥပဒေကြမ်းအရ သိရသည်။

ကျန်ရာခိုင်နှုန်း ၃၀ အတွက် သတင်းစာလုပ်ငန်းသည် ပုံနှိပ်ထုတ်ဝေသော ကြော်ငြာ၊ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု၊ သတင်းစာရောင်းရငွေ၊ လုပ်ငန်းအပေါ် စွက်ဖက်မှုမရှိသော ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှူဒါန်းငွေများမှ သုံးစွဲရမည်ဖြစ်ပြီး ရေဒီယိုရုပ်သံလွှင့်လုပ်ငန်းအတွက် ကြော်ငြာများ၊ ကူညီပံ့ပိုးမှုများမှ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

အရင့်အရင် ဇာတ်လမ်းဟောင်းကြီးများအတိုင်း ဖြစ်မလာဖို့၊ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ အခု ပြီးခဲ့တဲ့အတွေ့အကြုံအရ ပြောမယ်ဆိုရင် စာနယ်ဇင်းကောင်စီနဲ့ ပုံနှိပ်မီဒီယာ နှစ်ခုခွဲဖြစ်လာတာကိုက လက်ရှိဒီပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာတွေနဲ့ပတ်သက်ပြီး လက်တွေ့ကိုင်တွယ်ပုံကို အလုပ်နဲ့ပဲ ကြည့်ချင်တယ်

မည်သူမဆို အများပြည်သူဝန်ဆောင်မှု မီဒီယာလုပ်ငန်းအတွက် မီဒီယာလုပ်ငန်းတာ ၀န်ထမ်းဆောင်နေသော အယ်ဒီတာ၊ သတင်းထောက်နှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်သူများကို နှောင့်ယှက်ခြင်း၊ ဥပဒေနှင့်အညီ မဟုတ်ဘဲ အရေးယူခြင်းမပြုလုပ်ရဟု ဖော်ပြထားပြီး အဆိုပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ်ကျပ်ငါးသိန်းအထိ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ယခုဥပဒေကြမ်းနှင့်ပတ်သက်၍ ဂျာနယ်လစ်များနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများ ကန့်ကွက်နေသည့်ကြားမှ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ပြည်ထောင်စုဝန်ကြီး လွှတ်တော်မှာ တင်ပြသွားတာက အပြောကတော့ အင်မတန်ကောင်းပါတယ်။ လက်တွေ့ဘ၀နဲ့ ညီတယ်မညီတယ်ဆိုတာတော့ ဆန်းစစ်ရမှာပေါ့။ အခုလည်း ကြော်ငြာတွေနဲ့ရနေတဲ့ အစိုးရသတင်းစာတွေဟာ ပုဂ္ဂလိကသတင်းစာတွေကို ပိုတောင် အလဲထိုးနိုင်သေးတာပဲ။ အခုလုပ်တဲ့ပုံစံက ပုံစံသစ်လို သွားတာတော့ဟုတ်တယ်။ သို့သော် တကယ့်သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ပြောင်းတာလား။ ဒါမှမဟုတ် ထုံးစံအတိုင်း အာဏာရဖို့အတွက် ပုံစံအသစ်နဲ့ကာကွယ်ဖို့ လုပ်တာလား စောင့်ကြည့်ရမယ်။ 


အဲဒီတော့ ၀န်ဆောင်မှုဥပဒေနဲ့ပတ်သက်ရင် သေသေချာချာလေ့လာဖို့ လိုတယ်။ အထူးသဖြင့် သတင်းမီဒီယာလောကသားတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။ သူ့တို့ရဲ့ခံစားချက်တွေ၊ လက်တွေ့ဘ၀တွေကို သိဖို့လိုတယ်။ အခုဟာကတော့ အကြမ်းဖျင်းပြောရရင် မူအနေနဲ့တော့ ကြိုဆိုပါတယ်။ ဒီမီဒီယာကို ခရိုနီတွေ၊ ငွေကြေးတတ်နိုင်တဲ့သူတွေ မလုပ်ဖို့ အစိုးရတွေလွှမ်းမိုးတဲ့ မီဒီယာမဖြစ်ဖို့ပေါ့။ မူအနေနဲ့တော့ လက်ခံပါတယ်။ 

လက်တွေ့မှာ အဲဒီလို ဖြစ် မဖြစ်ကတော့ ဒီနေ့မှာ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ ချုပ်ပြောရင်တော့ ၀န်ကြီးပြောတာကို မူအရ လက်ခံနိုင်ပေမယ့် လက်တွေ့ ဘယ်လောက်ကိုက်လဲ မကိုက်လဲဆိုတာကတော့ အရင့်အရင် ဇာတ်လမ်းဟောင်းကြီးများအတိုင်း ဖြစ်မလာဖို့၊ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ အခုပြီးခဲ့တဲ့အတွေ့အကြုံအရ ပြောမယ်ဆိုရင် စာနယ်ဇင်းကောင်စီနဲ့ ပုံနှိပ်မီဒီယာနှစ်ခု ခွဲဖြစ်လာတာကိုက လက်ရှိ ဒီပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာတွေနဲ့ပတ်သက်ပြီး လက်တွေ့ကိုင်တွယ်ပုံကို အလုပ်နဲ့ပဲ ကြည့်ချင်တယ်" ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

အလားတူ အမည်မဖော်လိုသူ သတင်းထောက်ချုပ်တစ်ဦးကလည်း "အများပြည်သူ ၀န်ဆောင်မှုဥပဒေက ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ လုပ်တယ်လို့ပဲ ယူဆပါတယ်။ အခု ရုပ်သံလွှင့်ခွင့်ကလည်း အစိုးရနဲ့ နီးစပ်သူတွေပဲ လုပ်ကိုင်ခွင့်ရနေတယ်။ အစိုးရက သူတို့နဲ့ နီးစပ်သူတွေနဲ့ ဖက်စပ်ထောင်ထားပြီး ဈေးကွက်ကို ကြိုဝင်ထားတော့ နောက်မှဝင်လာမယ့်သူတွေ ခက်သွားမယ်။ အခုလည်း အများက ကန့်ကွက်ထားတဲ့ကြားက ဒီအများပြည်သူ ၀န်ဆောင်မှုဥပဒေကို ဇွတ်တင်တာက သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့လို့ပဲ ယုံကြည်ပါတယ်" ဟု ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများကို အရှုံးခံပြီး တစ်စောင်လျှင် ကျပ် ၅၀ ဖြင့် ရောင်းချနေခြင်းမှာ မရှိသင့်တော့ကြောင်းနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပေးပြီးသည့်နောက် နိုင်ငံတော်အတွက် အကျိုးအမြတ်မရှိသည့် လုပ်ငန်းများအား စဉ်းစားရန်လိုပြီဖြစ်ကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်မယူဘဲ ၀န်ဆောင်မှုပေးသင့်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင်သာ အဓိကလုပ်ပေးသင့်ကြောင်း၊ ၅၂ ဘီလျံကျော် အရှုံးခံမည့် ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

ပြီးခဲ့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၄၁ ဒသမ ၆၈၆ ဘီလျံအပါအ၀င် ကျပ် ၈၂ ဒသမ ၀၀၂ ဘီလျံကျော် သုံးစွဲခွင့်ရခဲ့သည်။ အဆိုပါ ကျပ် ၈၂ ဘီလျံကျော်တွင် ကျပ် ၂၉ ဘီလျံ သာ ၀င်ငွေအဖြစ် ရှာဖွေနိုင်မည်ဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်လုပ်ငန်းကျဆင်းမှုနှင့် သတင်းစာဈေးလျှော့ရောင်းမှုတို့အတွက် ကျပ် ၅၂ ဘီလျံကျော် အရှုံးခံဆောင်ရွက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းစာများ အရှုံးခံ ထုတ်ဝေနေသော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ်သုံးဘီလျံကျော် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းခံခဲ့ခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း ပြန်လည်ထုတ်ဝေခွင့်ရခဲ့သော ပုဂ္ဂလိကသတင်းစာများအနက်မှ ရွှေနိုင်ငံသစ်သတင်းစာမှာ ထုတ်ဝေခွင့်ရအပြီး တစ်နှစ်ပြည့်မြောက်သည့် မတ် ၁၂ ရက်မှ စတင်ကာ ခေတ္တ ရပ်နားတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရွှေနိုင်ငံသစ်သတင်းစာ၏ အယ်ဒီတာချုပ် သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်/ မိုး) က "လှေပြိုင်ပွဲတစ်ခုလိုပေါ့။ ကျွန်တော်တို့ တက်ကျိုးသွားပါပြီ။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုသလိုပဲ အပတ်စဉ်ဂျာနယ်နှစ်စောင်ထုတ်ပြီး ဆက်ပြိုင်နေဦးမှာပါ။ သတင်းစာ ရပ်နားလိုက်ရတာနဲ့ပတ်သက်ပြီး ပြောစရာများများစားစား မရှိပါဘူး။ 


အစိုးရအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂလိကသတင်းစာတွေအပေါ်မှာ စေတနာနည်းလွန်းတာကိုပဲ ပြောစရာရှိပါတယ်။ နေပြည်တော်မှာ လုပ်တဲ့ပွဲတွေမှာဆို သူတို့နဲ့ ပနံစားတဲ့ Sky Net တို့လို မီဒီယာတွေလောက်ပဲ ၀င်ခွင့်ရကြပြီး ခင်ဗျားတို့ ကျွန်တော်တို့လို ပုဂ္ဂလိကသတင်းစာတွေကို ခွဲခြားဆက်ဆံတယ်။ နောက်ပြီး ပြည်သူ့ပိုက်ဆံနဲ့ သတင်းစာထုတ်နေတယ်။ ဒါတွေက မလုပ်သင့်တဲ့ အလုပ်တွေပဲ" ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ထိုစဉ်က ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသတင်းစာ ၃၁ စောင် ထုတ်ဝေခွင့်ပြုခဲ့ရာ ၁၅ စောင်သာ ထုတ်ဝေနိုင်ခဲ့သည်။ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သော်လည်း အစိုးရအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေနေသော သတင်းစာများအား နိုင်ငံတော်ဘဏ္ဍာဖြင့် ဆက်လက်ထုတ်ဝေနေခဲ့သည်။ 


အစိုးရသတင်းစာများသည် ဈေးကွက်တွင် ကျပ် ၅၀ ခန့်ဖြင့် ဖြန့်ချိနေခြင်းဖြစ်ပြီး ပုဂ္ဂလိကသတင်းစာများမှာ ကျပ် ၂၀၀ ခန့်ဖြင့် ဖြန့်ချိနေခြင်းဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိက သတင်းစာများမှာ ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲလာပြီး ရပ်နားခြင်း၊ ခရိုနီစီးပွားလုပ်ငန်းရှင်ကြီးများ ရှယ်ယာထည့်ဝင်ခြင်းများ ရှိလာခဲ့သည်။

Eleven Media , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment