Pages

Sunday, February 16, 2014

Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ရမန်ထပ်ယူသော်လည်း မိသားစုနှင့် တွေ့ခွင့်မရ

RangonNewsDaily: February . 16 .2014
လျှို့ဝှက် ဓာတုစက်ရုံ သတင်းဆောင်းပါး ဖော်ပြမှုဖြင့် ထိန်းသိမ်း ခံထားရသော Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို တရားရုံးတင်ရန် ထောင်ပြောင်းရွှေ့ ခဲ့သော်လည်း ၎င်းတို့ကို မိသားစုနှင့် တွေ့ခွင့်မပေးဘဲ ရမန်ထပ်တိုး ယူသွားခဲ့ကြောင်း အဆိုပါ ဂျာနယ်မှ အမှုဆောင် အရာချုပ်၏ တူတော်စပ်သူ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။
အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ အကြီးတန်း သတင်းထောက် ဦးရာဇာဦးနှင့် ဦးပိုင်သက်ကျော်၊ အငယ်တန်း သတင်းထောက် ဦးစည်သူစိုးတို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အင်းစိန်ထောင်မှ ပခုက္ကူထောင်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းခန့်တွင် တရားရုံး သို့ ရမန်ယူရန် လာရောက်စဉ် ၎င်းတို့ကို တွေ့ဆုံခွင့်ပေးခဲ့ခြင်း မရှိဘဲ ၂၄ ရက်နေ့အထိ ရမန်တိုးမြှင့် ယူသွားခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ မိသားစုဝင်တွေက တွေ့ချင်တာပေါ့ဗျာ။ အခုဟာက ပွင့်လင်း မြင်သာမှု မရှိသလို ဖြစ်နေတယ်” ဟု ဦးအောင်ဝင်းထွန်းက ပြောကြားသည်။

အဆိုပါ အမှုတွင် တရားခံပြ သက်သေ အနေဖြင့် လိုက်ပါရန်အတွက် Eleven Media မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွန်းအောင်၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် လျှပ်တစ်ပြက် ဂျာနယ်မှ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့မှ ဆောင်ရွက်ပေးမည်ဟု ပြောကြား ထားပြီး လောကပါလ ရှေ့နေအဖွဲ့နှင့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင်တို့က အမှု လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်မှာလည်း ပခုက္ကူထောင်တွင် ထိန်းသိမ်း ခံထားရပြီး ဇနီး ဒေါ်လွင်လွင်မြင့်ကိုမူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

Unity ဂျာနယ်၏ သတင်းဆောင်းပါး ဖော်ပြမှုသည် နိုင်ငံတော်၏ လျှို့ဝှက်ချက် များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ အားပေးကူညီခြင်း တို့ကြောင့် သက်ဆိုင်ရာဌာနမှ အရေးယူပေးရန် ပေါက်မြို့နယ် ရဲစခန်းသို့ တိုင်ကြားသဖြင့် Unity ဂျာနယ် အမှုဆောင် အရာရှိချုပ် အပါအဝင် ငါးဦးကို မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)/၉ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment