Pages

Friday, February 28, 2014

ယူကရိန်း ကရိုင်းမီးယားဒေသ အစိုးရ အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင်များဝင်စီး


RangonNewsDaily: February . 28 .2014
လွန်ခဲ့သော ရက်ပိုင်းက ရုရှား လိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့သော ယူကရိန်းနိုင်ငံတွင် ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီးယားဒေသ၏ အစိုးရရုံး အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင် တစ်စုက သိမ်းပိုက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကရိုင်းမီးယားဒေသ၏ မြို့တော် ဆင်မ်ဖာရိုပိုရှိ အစိုးရ အဆောက်အအုံ နှစ်ခုစလုံးကို ရုရှားလိုလားသော လက်နက်ကိုင်တစ်စုက ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ရုရှား နိုင်ငံတော်အလံများ လွှင့်ထူထားသည်။

ယခုအခါ ကရိုင်းမီးယား ဒေသခံ အစိုးရအနေနှင့် လက်နက်ကိုင်များနှင့် ဆွေးနွေးလျက် ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံတွင် သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ရုရှား လိုလားသော ခွဲထွက်ရေး လှုပ်ရှားသူများနှင့် ယူကရိန်း အစိုးရသစ်ကို ထောက်ခံသူများအကြား ထိပ်တိုက် တွေ့မှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ကရိုင်းမီးယားဒေသ အစိုးရရုံး အဆောက်အအုံများကို လက်နက်ကိုင်များက ဝင်ရောက် သိမ်းပိုက်ခြင်းလည်း ဖြစ်သည်။

သွေးထွက်သံရယိုမှုများ ဖြစ်ခြင်းမှ ကာကွယ်ရန် ကရိုင်းမီးယားဒေသ၏ မြို့တော် ဆင်မ်ဖာရိုပို အနီးတစ်ဝိုက်ကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာဆန်အာဗာကော့ဗ်က ပြောကြားသည်။

ကရိုင်းမီးယား အစိုးရ အဆောက်အအုံများကို ဝင်ရောက် စီးနင်းခဲ့သော လက်နက်ကိုင်များထံမှ တောင်းဆိုချက် သို့မဟုတ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရသေးသော်လည်း ကရိုင်းမီးယားသည် ရုရှား ဖြစ်ကြောင်း ပြသသည့်အရိပ် လက္ခဏာများ တွေ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကိုင်များကို ဂျာနယ်လစ်များက မေးခွန်းမေးရာတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment