Pages

Wednesday, January 22, 2014

မိုးကုတ်မြို့ အောင်ချမ်းသာဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်အား သေနတ်ကိုင်ဆောင်ထားသူ ခြောက်ဦးက ရွှေခြောက်ပိဿာခန့် ၀င်ရောက်လုယက်သွား

RangonNewsDaily:: January . 22 .2014
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ရှိ အောင်ချမ်းသာဈေးအတွင်းမှ နဂါးရွှေဆိုင်နှင့် မီလီယံရွှေဆိုင်နှစ်ဆိုင်အား ဇန်န၀ါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသည့် လူခြောက်ဦးအဖွဲ့မှ ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ရွှေခြောက်ပိဿာခန့် လုယက်ခံခဲ့ရကာ သေနတ်ပစ်ဖောက်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျူးလွန်သူ ခြောက်ဦးမှာ မျက်နှာတွင် ပ၀ါများစည်းထားပြီး ဆိုင်ကယ်သုံးစီးနှင့် လာရောက်ကာ ယင်းသို့ပြုလုပ်ခဲ့ခြင်းပြီး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“မီလီယံရွှေဆိုင်က နှစ်ပိဿာနဲ့ နဂါးရွှေဆိုင်က လေးပိဿာလောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။ ရွှေချိန်အတိအကျတော့ မပြောနိုင်သေးဘူး။ သေနတ်မှန်ပြီး ဆုံးသွားတဲ့သူက မီလီယံရွှေဆိုင်နဲ့ မျက်စောင်းထိုး မှန်ဆိုင်ကပါ။

သူက ‘သူခိုးသူခိုး ဓားပြဓားပြ’ လို့အော်လို့ သေနတ်နဲ့ ပစ်ခံရတာပါ။ ဒဏ်ရာရတဲ့သူတစ်ဦးက မီလီယံရွှေဆိုင်ကပါ။ သူကပေါင်ကို မှန်တာဆိုတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဆုံးတဲ့သူက ဘယ်ဘက်ရင်ဘတ်ကို မှန်တာမို့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မိုးကုတ်မြို့ရဲစခန်းမှ ဒုရဲအုပ်ကြည်ဦးက ပြောကြားသည်။

“ပတ်ဝန်းကျင်မျက်မြင်တွေ ပြောပြချက်အရ မျက်နှာမှာ ပ၀ါတွေစည်းထားပြီး သေနတ်နှစ်လက်ပါတယ်။ ဆိုင်ကယ်သုံးစီးနဲ့လာပြီး ဆိုင်ကယ်တွေနဲ့ပဲ ပြန်ထွက်သွားတယ်။ အားလုံးလွတ်သွားပါတယ်။ ဖမ်းမမိသေးပါဘူး” ဟု ဒုရဲအုပ်ကြည်ဦးက ဆက်လက်ပြောကြားသည်။

“ပေါင်ကိုသေနတ်မှန်တာက ကျွန်မသမီးရဲ့ယောက်ျား ကိုပြည့်ကျော်ပါ။ စိုးရိမ်စရာ မရှိပါဘူး” မီလီယံရွှေဆိုင်ပိုင်ရှင်က ပြောကြားသည်။


“ရွှေဆိုင်ဓားပြတိုက် လုယက်မှု အမြန်ဆုံးဖမ်းဆီးရမိဖို့ တိုင်းတပ်ဖွဲ့အနေနဲ့ မိုးကုတ်ကို အင်အားတိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်နေပါပြီ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment