Pages

Tuesday, November 12, 2013

လိုင်ဇာ ဘုံရပ်တည်ချက် လက်မှတ်မထိုးသော်လည်း RCSS မူအရ လက်ခံ

RangonNewsDaily:: November . 12 .2013
အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ လိုင်ဇာတွင် ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် ၁၁ ချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCS S/SSA) အနေဖြင့် လက်မှတ်မထိုးခဲ့သော်လည်း မူအားဖြင့် သဘောတူညီကြောင်း RCSS/SSA ပြောခွင့်ရ သူ ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

မိမိတို့ ဗဟိုသဘောထားကြောင့် လက်မှတ်မထိုးခဲ့သည့်အပေါ် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးထိုင်၍ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၏ သဘောထားအားဆွေးနွေး ချမှတ်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ဗိုလ်မှူးစိုင်းလောင်းဆိုင်က “ဒီလိုင်ဇာ ဘုံသဘောထားရပ်တည်ချက်ဟာ ကျွန်တော်တို့နဲ့ လက်မှတ်ထိုး တယ် မထိုးတယ်ဆိုတာနဲ့ ဘာမှ အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး၊ မထိုးပေမယ့် မူအရတော့ ကျွန်တော်တို့ လက်ခံတာပဲ၊ သူတို့နဲ့ပူးပေါင်းပြီး လုပ်လို့ရတာပဲ”ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် RCSS/SSA နှင့် KNU အဖွဲ့တို့သည် တိုင်းရင်းသားများ ပူး ပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (WEGC) ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်ဖြင့်သာ ရှေ့ဆက်သွားမည်ဟု တိုင်းရင်းသားအဖွဲ့များအကြား သုံးသပ်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် RCSS အဖွဲ့အနေ ဖြင့် ယခုကဲ့သို့ ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံ၌ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၁၈) ဖွဲ့ တက်ရောက်ခဲ့ကြသည့်အနက် RCSS/SSA တစ်ဖွဲ့သာ မိမိတို့ ဗဟိုသဘောထားကြောင့် လက်မှတ် မထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းအပေါ် RCSS/SSA အဖွဲ့၏ သဘောထားကို ချမှတ်ရမည်ဖြစ်သောကြောင့် နိုဝင်ဘာ (၉) ရက်က ဌာနချုပ် လွယ်တိုင်းလျန်း၌ ဗဟိုအလုပ်အမှုဆောင် ကိုယ်စားလှယ် (၁၈) ဦး တက်ရောက်ကာ ၎င်းအပေါ် ဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ သဘောထား ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုတိုင်းရင်းသားအဖွဲ့များ သဘောတူထားသည့် အချက် (၁၁)ချက်မှာ အခြေခံမူ၊ ရည်ရွယ်ချက်၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံရေးဆွဲခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရမည့်အချက်များ၊ ၎င်းတို့အား အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ဆောင်ရွက်ရမည့်အချက်၊ မတရားအသင်း ပယ်ဖျက်ပေးရေး၊ ဆွေးနွေးရေးကာလအစီအစဉ်၊ လက်မှတ် ရေးထိုးခြင်း၊ အတည်ပြုခြင်းနှင့် အထွေထွေ စသည့် ခေါင်းစဉ်ကြီး (၁၁) ချက် ပါဝင်ပါသည်။

သို့သော်လည်း RCSS/SSA အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့်အပြင် အလားတူ အစိုးရနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ဗိုလ်မှူးစိုင်း လောင်းဆိုင်က ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် မြစ်ကြီးနားဆွေးနွေးပွဲ၌ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရနှင့် ပူးတွဲကြေညာချက်ထုတ်၍ သဘော တူထားသည့် အချက် (၃) ချက်ဖြစ်သည့် (၁) တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး (၂) နိုင် ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်ရေးဆွဲရေး၊(၃) နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စသည့် အချက် (၃) ချက်ကို အဓိကထား ဆွေးနွေးရမည့် ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီး တစ်ရပ်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၌ ဒီဇင်ဘာလအတွင်း ကျင်းပရန်လည်းရှိနေကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောကြားထားသည်။

ထို့ပြင် အစိုးရမှ ဖိတ်ခေါ်ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး လက်မှတ်ထိုးမည်ဟု သဘောထားရှိမှသာ တက်ရောက် လက်မှတ်ထိုး မည်ဖြစ်ကာ သို့တည်းမဟုတ် တစ်ဖွဲ့ဖွဲ့ ကျန်ရှိနေလျှင် လက်မှတ်ထိုးရန် မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး (NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

၎င်းက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး သဘောတူကြမှ ဒါကို တက်ရောက် လက်မှတ် ထိုးမယ်၊ ဒါမှမဟုတ် တစ်ဖွဲ့ဖွဲ့က ကျန်ရစ်နေမယ်ဆိုရင်တော့ လက်မှတ်ထိုးဖို့က မဖြစ်နိုင်ပါဘူး”ဟု မဇ္ဈိကို ပြောသည်။

ထို့ပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပြေလည်မှသာလျှင် တိုင်းရင်းသားများ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရေးမှ နိုင်ငံရေး အာမခံချက်များနှင့် တပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်များအပေါ် သဘောထားများကိုလည်း အကျေအလည် ဆွေးနွေးနိုင်ကြမည်ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်မှ သုံးသပ်ပြောကြားသည်။

လွယ်ကူမည့် ညှိနှိုင်းဆွေးနွေးမှုမျိုး မဟုတ်သော်လည်း ထိုညှိနှိုင်းဆွေးနွေးမှုမျိုးကို မဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment