Pages

Saturday, November 9, 2013

လင်မယား နှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြန်ပေးဆွဲမှု တွံတေးမြို့နယ်အတွင်း ဖြစ်ပွား

RangonNewsDaily:: November . 9 .2013
နိုဝင်ဘာ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား အမည်မသိ အမျိုးသားသုံးဦးက မျက်လုံးအား တိတ်ဖြင့်ပတ်ကာ ငွေကျပ် သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြန်ပေးဆွဲ ဖမ်းဆီးမှုနှင့် ထိုအမှုကို စုံစမ်းစစ်ဆေးနေသည့် ရဲဝန်ထမ်း တစ်ဦးအား လှိုင်သာယာမြို့နယ်၌ အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ကိုကျော်မင်းဦးနှင့် ဇနီးဖြစ်သူ မမိုးမိုးအေးတို့သည် မယားညီအစ်ကိုဖြစ်သူ၏ ရုံးချိန်းသို့ သွားရောက်ရန်အတွက် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ ကားလမ်းဘေး၊ တံတားကုန်းအဆင်း အရောက်တွင် အမည်မသိ အမျိုးသားသုံးဦးမှ ဆိုင်ကယ်အားတားပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက်မှ တစ်ဦးက ဆိုင်ကယ်အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ပြီး လှိုင်သာယာမြို့နယ်အ၀င် တိုးဂိတ်လ်နား အရောက်တွင် ၎င်းတို့မျက်လုံးအား တိပ်အ၀ါဖြင့် ပတ်ခဲ့ကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ လူသုံးဦးမှ ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ တယ်လီဖုန်းဖြင့်ဆက်ပြီး မမိုးမိုးအေးတို့ လင်မယားအား ဖမ်းထားကြောင်း၊ ၎င်းတို့ကို ည (၁)နာရီတွင် လှိုင်သာယာမြို့နယ်၊ ဘီအိုစီ အ၀ိုင်းသို့ ငွေကျပ် သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်က ယင်းနေ့ည ၁၁ နာရီ ၅၀ ခန့်တွင် တွံတေးမြို့မ ရဲစခန်းသို့ ဆက်သွယ်အကြောင်း ကြားခဲ့သဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အတူ ပူးပေါင်းကာ ဘီအိုစီအ၀ိုင်းတွင် သွားရောက် စောင့်ဆိုင်းနေစဉ် အဆိုပါ ပြန်ပေးဆွဲသူများမှ မမိုးမိုးအောင်၏ လက်ကိုင်ဖုန်းသို့ ထပ်မံဆက်သွယ်ခဲ့ကာ လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်သို့ လာရောက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မမိုးမိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက ရွှေလင်ဗန်း စက်မှုဇုန်သို့ ထပ်မံသွားရောက် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် ၂ဃ/၈၁၇၆၊ ဟွန်ဒါဖစ် အမျိုးအစား အပြာရောင်ယာဉ်အား မသင်္ကာသဖြင့် နောက်မှလိုက်လံ အတည်ပြုစဉ် အဆိုပါယာဉ်မှာ မောင်းနှင်ထွက်ပြေး သွားခဲ့ရာ ရွှေပြည်သာတံတား၊ အလယ်ရွာထိပ် အရောက်တွင် အခြားယာဉ် တစ်စီးဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ရပ်တန့်သွားစဉ် ယာဉ်မောင်း အမျိုးသားက ကားပေါ်မှ ဓားကိုင်၍ ဆင်းလာပြီး ခုတ်ခဲ့ရာ တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းတင့်နှင့်အတူ လိုက်ပါလာသည့် ဒုတပ်ကြပ် သီဟဇော်အား ခုတ်မိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်းနှင့် ဒုတပ်ကြပ် သီဟဇော်တွင် ဦးခေါင်းချိုစောင်း ပြတ်ရှ၊ ယာလက်မောင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ရာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် အဆိုပါ ပြန်ပေးသမားများက နိုဝင်ဘာ ၇ ရက် နံနက် ၄ နာရီခန့်တွင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့ နှစ်ဦးအား လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် အနီးရှိ ခြုံပုတ်ထဲတွင် ထားခဲ့ကာ မမိုးမိုးအေး ၀တ်ဆင်ထားသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိသည့် ဆွဲကြိုးတစ်ကုံး အပါအ၀င် လက်စွပ်၊ နားကပ်တစ်ရံ၊ ဆင်းမ်ကတ်ပါ ဟန်းဆက်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီးအား လုယူသွားခဲ့ကြောင်း သိရသည်။

ထိုအမှုအား ကိုကျော်မင်းဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် တွံတေးမြို့မ ရဲစခန်း မှ(ပ) ၄၀၁/၁၃၊ ပြစ်မှုပုဒ်မ-၃၄၇/၃၉၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင်လှိုင်သာယာ မြို့မရဲစခန်းတွင်လည်း ဒုတပ်ကြပ် သီဟဇော်အား ဒဏ်ရာပြင်းထန်မှုရအောင် ဓားဖြင့်ခုတ်ပြီး ထွက်ပြေးနေသည့် ၂ဃ/၈၁၇၆ ယာဉ်မောင်းအား အရေးယူပေးပါရန် တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းတင့်က တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၁၂၈၈/၁၃ ပြစ်မှုပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကို ဖော်ထုတ် အရေးယူရန်အတွက် မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းစိန်က နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

''ပြန်ပေးဆွဲခံရတဲ့ နှစ်ယောက်ကို စစ်ဆေးတဲ့အခါ မမိုးမိုးအောင်က အရင်တုန်းက ပြန်ပေးဆွဲရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ကထီးဆိုတဲ့သူကို မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားမှု ရှိခဲ့ဖူးတယ်။ ဒါကြောင့် မကျေနပ်လို့ သူ့အစ်မနဲ့ ခဲအို ကိုပြန်ပေးဆွဲတယ်လို့ လတ်တလောတော့ အကြမ်းဖျင်း သိထားတယ်။ ပြန်ပေးဆွဲသွားတဲ့ အချိန်ကလည်း အချင်းချင်း စကားပြောနေတဲ့ အထဲမှာ ကထီးဆိုတဲ့သူ နာမည်ကို ကြားရတယ်။ အဲဒီလူကလည်း အရင်က ပြန်ပေးဆွဲခံရတဲ့သူ အိမ်ကိုလာခဲ့ ဖူးတယ်လို့ပြောတယ်'' ဟု ဒုရဲမှူးသောင်းစိန်က ဆိုသည်။

ဆက်၍ ''ပြန်ပေးဆွဲတဲ့အထဲ ပါဝင်တယ်လို့ ယူဆထားရတဲ့ ကထီးဆိုသူက ယာဉ်တိုက်မှု အရင်ဖြစ်ပြီး အဖမ်းမခံဘဲ လက်ဦးမှုရယူပြီးတော့ ဒုတပ်ကြပ် သီဟဇော်ကိုဓားနဲ့ ခုတ်ပြီးတော့ ထွက်ပြေးတယ်။ ကျွန်တော်တို့ လိုက်ဖမ်းတော့သူက ရွှေလင်ဗန်းနားက အလယ်ရွာထဲကို ထွက်ပြေးတယ်။ ရွာလယ်လောက် ရောက်တော့ မျက်ခြည် ပြတ်သွားတယ်။ ညကလည်း မှောင်နေတော့ တောနင်းရှာပေမယ့် မတွေ့ခဲ့ဘူး။ လက်ရှိတော့ ကျူးလွန်သူလို့ ယူဆရတဲ့ ကထီးဆိုသူရဲ့ နာမည်အရင်းနဲ့ လိပ်စာကို အတိအကျရအောင် စုံစမ်းနေပါတယ်'' ဟုဆိုသည်။

အလားတူ တွံတေးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''လက်ရှိကျူးလွန် သူတွေကို ဖမ်းဆီးနိုင်ဖို့ ကွင်းဆင်းလှုပ်ရှား နေပါတယ်။ ခုထိတော့ ဖမ်းမမိသေးပါဘူး'' ဟု နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။

EMG , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment