Pages

Wednesday, November 20, 2013

၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ပအိုဝ်းပါတီတစ်ခု တရားဝင်မှတ်ပုံတင်ခွင့် ကျပြီ

RangonNewsDaily:: November . 20 .2013
တောင်ကြီး (မဇ္ဈိမ) ။ ။ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသား ပါတီ တစ်ခုဖြစ်သော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရရှိပြီ ဖြစ်ကြောင်း ယင်းပါတီမှ ပြောရေး ဆိုခွင့် ရှိသူ ကိုခွန်စိုးမြင့်က နိုဝင်ဘာ ၁၈ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အဆိုပါ ပါတီ တည်ထောင်ရန် ၂၀၁၃ခုနှစ် စက်တင်ဘာ ၁၂ရက်က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ တည်ထောင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုခွန်စိုးမြင့်က ဆိုသည်။

၎င်းက “ ဗဟို ကော်မတီ အစည်းအဝေးခေါ်ပြီးတော့ ပါတီမှတ်ပုံတင်ခြင်းတွေ ၊ ပါတီတံဆိပ် အမှတ်အသား တွေ၊ လိုဂိုတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို ထပ်တင်သွားပါမယ်" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီကို ပြန်လည်တည်ထောင်ရခြင်းမှာ ပအိုဝ်းတိုင်းရင်း သားများ၏ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် ခိုင်မြဲရေး ရှေးရှုရန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာကို ကာကွယ်စောင့်ရှောက်ရန်၊ ပအိုဝ်းတိုင်းရင်းသားများ အခြားတိုင်းရင်းသားများနည်းတူ အခြေခံ
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အာမခံ ချက်ပေး နိုင်ရန် စသည့် ရည်ရွယ်ချက်များကြောင့် ဖြစ်သည်ဟုလည်း ကိုခွန်စိုးမြင့်က ပြောသည်။

ပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်မည်ကို မရွေး ချယ်ရသေးဘဲ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်သော ပအိုဝ်းတိုင်းရင်းသား ညီလာခံ တစ်ခုခေါ်၍ ညီလာခံမှ ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်များဖြင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု ဆုံးဖြတ်ထားသည်ဟုလည်း ၄င်းပါတီမှ သိရသည်။

လက်ရှိတွင် ပအိုဝ်း တိုင်းရင်းသားနှင့် သက်ဆိုင်သော ပါတီ အနေဖြင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) တစ်ခုတည်းသာ ရှိနေပြီး ယင်းသို့ နောက်ထပ်ပါတီ တစ်ခုတိုးလာခြင်းနှင့် ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသား ခွန်အောင်စိုးက “လက်ရှိမှာ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရှိပြီး ဖြစ်တဲ့အတွက် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားပြု ယှဉ်ပြိုင်နိုင်မယ့် ပါတီ တစ်ခုတိုးလာတယ်ဟုမြင်ပါတယ်" ဟု သူ၏ အမြင်ကို ပြောသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ)ပါတီ သည် ၁၉၅၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် ပအိုဝ်းနိုင်ငံရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် ရှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံတင်ခွင့် မရခဲ့သည့် ပါတီ တစ်ခုဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment