Pages

Tuesday, November 19, 2013

လက်ပံတောင်းတွင် လုံခြုံရေးရဲများနှင့် ဒေသခံများ အခြေအနေ တင်းမာနေ

RangonNewsDaily:: November . 18 .2013
ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေသော လက်ပံတောင်းဒေသတွင် နိုဝင်ဘာ ၁၈ ရက်က ရဲကင်းစခန်းတစ်ခုကို ညနေ လေးနာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ရွာသားများက တောင်းဆိုရာမှ စတင်ကာ လုံခြုံရေး ရဲများနှင့် ဒေသခံရွာသားများ အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်နေ့ ညက ရဲများနှင့် ဒေသခံများ နှစ်ဘက် အထိနာစေခဲ့သည့် ပဋိပက္ခဖြစ်ပွားရာ မိုးကြိုးပြင် တောင်ရွာမှ ရဲကင်းစန်းကို နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ဒေသခံ တောင်သူများက ညနေ သုံးနာရီက ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တောင်းဆိုနေသော်လည်း ယခုအချိန်ထိ ထူးခြားမှု မရှိသေးဘဲ နှစ်ဖက် အခြေအနေ တင်းမာနေကာ ထိုနေရာတွင် ရဲကား ကိုးစီး၊ အချုပ်ကား တစ်စီးနှင့် စီမံကိန်း လုပ်ကိုင်ရာ ကုမ္ပဏီဘက်မှ ကားနှစ်စီး ရောက်ရှိနေသည့် အပြင် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ရှိသည်။ ဒေသခံ တောင်သူများ ဘက်မှလည်း လူအင်အား ၂၀၀ ကျော်ခန့် ရှိနေသည်။

ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သူ ကိုရာဇာက “ မုံရွာ - ပုသိမ် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၄၄၀/၄ အနီး မိုးကြိုးပြင် တောင်ရွာဘက်က ရဲကင်းကို ဖယ်ရှားပေးဖို့ ဆန္ဒပြရခြင်းဖြစ်ပါတယ် ” ဟု ညနေ လေးနာရီခန့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုနေသည့် နေရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကလည်း ကာဒိုင်းများ အထက်အောက် နှစ်ဆင့်ကာရံ၍ အသင့်စာင်းဆိုင်း လျက်ရှိပြီး အဆိုပါ
နေရာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ရဲတပ်ရင်း (၁၆) မှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက “ ရဲကင်း ဖယ်ရှားပေးဖို့ သူတို့က သဘောရိုးနဲ့ တောင်းဆိုနေတာမဟုတ်ပါဘူး။ လုံခြုံရေးစည်း ကျိုးပေါက်အောင် တမင်ကြံရွယ်ပြီးတော့ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ လုံခြုံရေး လိုအပ်ချက်များအရ တည်ဆောက် ထားတာကြောင့် ဖယ်ရှားပေးရန် အစီအစဉ်မရှိပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ယင်းသို့ ရဲကင်းများ ဖယ်ရှားပေးရန် အတွက် ၀မ်ပေါင် ကုမ္ပဏီနှင့် ဒေသခံ တောင်သူများအကြား အခက်အခဲ များ ညှိနှိုင်းဆွေးနွေး နိုင်ရန်အတွက် ဆည်တည်းရွာသစ်၌ ဖွင့်လှစ်ထားသော ဆက်ဆံရေး ရုံးသို့လည်း ဒေသခံတောင်သူများက ကြိုတင်လာရောက်၍ ညှိနှိုင်းထားခြင်း မရှိကြောင်း အဆိုပါ ဆက်ဆံရေးရုံးမှ ရုံးတာဝန်ခံ ဦးထွန်းသာဇံက မဇ္ဈိမကို ပြောသည်။

ဆက်ဆံရေးရုံးသို့ သွားရောက် ညှိနှိုင်းခြင်း မရှိခြင်းနှင့် ပတ်သက်ပြီး မိုးကြိုးပြင်ရွာသား တောင်သူတစ်ဦးက “ဆက်ဆံရေးရုံးသွားပြီး ညှိနှိုင်းရင်လည်း သူတို့ပြောတာကိုဘဲ နားထောင်ပြီး ပြန်လာခဲ့ရတာ။ ဘာမှ အကျိုးမထူးဘူး ” ဟု ဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်ညက ရဲများနှင့် ဒေသခံများအကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ရဲဝန်ထမ်း ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေး တာဝန်ကျရဲများက ထိုနေ့ည ၁၁ နာရီကပင် ဆားလင်းကြီး မြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောထားသေးသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment