Pages

Thursday, September 19, 2013

မှတ်ပုံတင် စိစစ်ဆဲကာလတွင် ရောင်းချနေသည့် Rocker အချိုရည်များ ဈေးကွက်မှ ပြန်ရုပ်ရန် FDA ညွှန်ကြား

RangonNewsDaily:: September 19, 2013

မြန်မာပြည် အနှံ့အပြားတွင် ရောင်းချနေသော Rocker အချိုရည်များကို ဈေးကွက်များအတွင်းမှပြန်လည် ရုပ်သိမ်းပေးရန် စက်တင်ဘာ ၁၇ ရက်တွင် ညွှန်ကြားထားသည်ဟု မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဋ္ဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။ ::“ဈေးကွက်အနှံ့အပြားက အချိုရည်တွေကို နမူနာယူပြီး ပြည်သူ့ကျန်းမာရေးဋ္ဌာနမှာ ဓာတ်ခွဲစစ်ဆေးပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုအရ စားသုံးသူအတွက် ဘေးအန္တရာယ်ရှိတဲ့ အနေထားမျိုးတော့ မတွေ့ရဘူး။ ဒီ အချိုရည်က ကျွန်တော်တို့ဌာနမှာ မှတ်ပုံတင်ထားပြီး စိစစ်နေဆဲကာလမှာ ဈေးကွက်ထဲရောက်ရှိနေတာဖြစ်တယ်။ နောက်ပြီး တခြားကိစ္စတွေနဲ့လည်း မကိုက်ညီတာဖြစ်တဲ့အတွက် ဥပဒေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေကို ပြန်လည် ရုပ်သိမ်းခိုင်း ရခြင်းဖြစ်တယ်” ဟုပြောသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေတွင်လည်း အဆိုပါအချိုရည်များကို ပြန်လည် ရုပ်သိမ်းနေပြီဟုနေပြည်တော်ကောင်စီ ကျန်းမာရေးဦးစီးမှူး ဦးထွန်းမြင့်ကပြောသည်။
::
“မှတ်ပုံတင်မရှိဘူး ဆိုကတည်းက ပြည်သူတွေအတွက် စားသုံးရန် မသင့်တော့ပါဘူး။ ကျွန်တော်တို့ နေပြည်တော်ကောင်စီမှာတော့ ကျန်းမာရေးဦးစီးဌာနကနေ စားသုံးဖို့မသင့်ဘူးလို့ ညွှန်ကြားပြီး ပြန်လည်သိမ်းဆည်း ထားခိုင်းပါပြီ။ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ဆောင်ရွက်ကြတာပါ” ဟုဦးထွန်းမြင့်က ပြောသည်။
::
Rocker အချိုရည်များတွင် မည်းညစ်ညစ်အရည်များနှင့် အဖတ်များကို နေပြည်တော်တွင် စက်တင်ဘာလ ၃ ရက်က စတင်တွေ့ရှိရာမှာ စစ်ဆေးသည့်အခါ မှတ်ပုံတင်ထားခြင်းမရှိသည်ကို တွေ့ရှိခြင်းဖြစ်သည်ဟုလည်း ဦးထွန်းမြင့်ကပြောသည်။
::
Rocker အချိုရည်ထုတ်လုပ်သည့် Green Circle ကုမ္ပဏီ၏ အကြီးတန်းအရာရှိတစ်ဦးကမူ မိမိတို့ ထုတ်လုပ်သည့် အချိုရည်များသည် ဘေးထွက်ဆိုးကျိုး ဖြစ်စေခြင်းမရှိဟုဆိုသည်။ FDA မှ ရောင်းချခွင့် မပြုသေးသည့် အချိန်တွင်ဈေးကွက်အတွင်း ရောက်နေသည့် အချိုရည်များကို ပြန်လည်သိမ်းဆည်းမှုများ ပြုလုပ်နေသည်ဟုလည်း အဆိုပါ အရာရှိကပြောသည်။
::
“အစားသောက်နဲ့ ဆေးဝါးကွပ်မှုဌာနက ညွှန်ကြားတဲ့အတိုင်း ကျွန်မတို့ နေပြည်တော်၊ ရန်ကုန်တွေမှာ အချိုရည် ဘူးတွေကို လိုက်လံသိမ်းဆည်းနေပါပြီ။ ကျွန်မတို့ အချိုရည်တွေက ဓာတ်ခွဲစမ်းသပ်မှုတွေအရ စားသုံးသူကိုဘေးထွက် ဆိုးကျိုးလည်း မဖြစ်စေဘူးဆိုတာလည်း သိစေချင်ပါတယ်။ ထုတ်လုပ်ရောင်းချခွင့်ရဖို့ အတွက် FDA နဲ့ အတည်ပြုနေဆဲကာလလည်းဖြစ်သလို အတည်ပြုနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောသည်။
::
ရန်ကုန်ဈေးကွက်တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသည့် ရောင်းကုန်များရှိနေရာ မှတ်ပုံတင်ရှိသည့် အခြားသော စားသောက်ကုန်များကိုလည်း ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ရန်ကုန်မြို့နေကိုစိုးလင်းက ပြောသည်။ “စားသုံးရန် မသင့်တာတို့ မှတ်ပုံတင်မရှိတဲ့ စားသောက်ကုန် တွေကိုတော့ အမြန်ဆုံး လိုက်သိမ်း ပေးသင့်တယ်” ဟုပြောသည်။
::
အလားတူ ဈေးကွက်အတွင်း ရောက်ရှိနေသည့် စားသောက်ကုန်များကို FDA ကသုံးလတစ်ကြိမ် အရည်အသွေးမီ မမီ စစ်ဆေးမှုများပြုလုပ်သင့်သည်ဟုလည်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အကြံပြုသည်။
::
"FDA က ဈေးကွက်တွင်းဆင်းပြီး စစ်ဆေးတာတွေကို သုံးလတစ်ကြိမ်လောက် ပြုလုပ်သင့်တယ်။ စစ်ဆေးတွေ့ရှိလို့ မကိုက်ညီတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပြန်သိမ်းပြီး ထုတ်လုပ်ခွင့်လိုင်စင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူ မှုတွေကို ပြုလုပ်သင့်ပါတယ်။ FDA အနေနဲ့ ဒီအပိုင်းမှာ အရမ်းအားနည်းတယ်” ဟု ဦးဗအုပ်ခိုင်က ဝေဖန်သည်။

Mizzima::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment