Pages

Monday, September 23, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ WCDMA Sim CARD ငါးသောင်းကျော် ပြန်လည်ရောင်းချပေးတော့မည်

RangonNewsDaily:: September 23, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေညာသည်။ စက်တင်ဘာလအတွက် ခွဲဝေရောင်းချမည့် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းကတ် သုံးသိန်း ခြောက်သောင်းတွင် ဒဗယ်လျူစီဒီအမ်အေ အမျိုးအစားကို ထည့်သွင်း ရောင်းချပေးခြင်းဖြစ်ပြီး ဂျီအက်စ်အမ် လိုင်းကတ် ၁၅၈,၀၀၀ နှင့် စီဒီအမ်အေ ဆင်းမ်ကတ် ၁၅၀,၀၀၀ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 “ဒဗယ်လျူ စီဒီအမ်အေအတွက် အင်တာနက်က ပုံမှန်အတိုင်း တစ်မိနစ် လေးကျပ်ပါ။ ဘာနံပါတ်တွေ ချပေးမယ်တော့ မသိရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျီအက်စ်အမ် ဆင်းမ်ကတ်များ တိုးမြှင့်ချထားမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာလအတွက် အရေအတွက် မတိုးမြှင့်နိုင်သေးဘဲ မိုဘိုင်းလ်ဖုန်းကွန်ရက် တိုးမြှင့်မှုမှာလည်း လုပ်ငန်းမစတင်နိုင်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 
မိုဘိုင်းလ်ဖုန်းများ ထပ်တိုးချထားရန် ဆက်သွယ်ရေး တာဝါတိုင်များ ထပ်တိုး တည်ဆောက်ရန် လိုအပ်ပြီး မန္တလေးမြို့ပေါ်တွင် ဂျီအက်စ်အမ် ဖုန်းလိုင်းများ သိသိသာသာ လိုင်းကျပ်မှု ဖြစ်ပေါ်ကြောင်း၊ မြို့နယ်များတွင် နေရာအလိုက် ဖုန်းလိုင်း ပြတ်တောက်မှုများလည်း ရှိကြောင်း မန္တလေးမြို့တော်မှ ဖုန်းအရောင်းဆိုင် တာဝန်ခံတစ်ဦးက ဆိုသည်။
ပြင်ပဈေးကွက်တွင် ကျပ်တစ်သိန်း သုံးသောင်းဝန်းကျင် ဈေးပေါက်နေသည့် ဂျီအက်စ်အမ် ဆင်းကတ်များကို တိုးမြှင့်ချထားနိုင်ရန် လိုင်းအင်အား တိုးချဲ့ခြင်းများ စတင်လုပ်ဆောင်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment