Pages

Monday, September 23, 2013

အလုပ်ထုတ်ခံ ဟုန်ရှင်း အအေးခန်း လုပ်သားများ မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းဖွင့်


RangonNewsDaily:: September 23, 2013
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ဟုန်ရှင်း အအေးခန်းစက်ရုံကို ဖျက်သိမ်းမည်ဟုဆိုကာ ဆန္ဒပြလုပ်သား ၁၂၀ ကျော် ကို အလုပ်ထုတ်လိုက်သဖြင့် အဆိုပါ လုပ်သားများက စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေကြကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ဦးမင်းမင်းက ပြောကြားသည်။အလုပ်ရှင်က အလုပ်ထုတ် လျော်ကြေး ပေးသော်လည်း ယင်းလျော်ကြေး အလိုမရှိကြောင်း၊ လုပ်ငန်းခွင် တည်မြဲရေးနှင့် အလုပ်သမားသမဂ္ဂ မပြိုကွဲရေးအတွက် ယင်းသို့ ဆန္ဒပြခြင်းဖြစ်ပြီး အစိုးရအနေနှင့် တရားမျှတမှုရှိရှိ မဖြေရှင်းသေးသမျှ ယင်းနေရာတွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ဒေါ်ဝင်းဝင်းနွယ် ဆိုသည်။
::
လုပ်သားသမဂ္ဂ ခေါင်းဆောင်နှစ်ဦးကို အလုပ်ထုတ်သည့် ပြဿနာကြောင့် လုပ်သား ၁၂၀ ကျော် ဆန္ဒပြပြီး ခုံသမာဓိ အဖွဲ့က တောင်းဆိုချက် အများစုကို အလုပ်ရှင်က လိုက်လျောပေးရန် ဆုံးဖြတ်ခဲ့သဖြင့် လုပ်သားများ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ပြီးနောက် စက်ရုံ ဖျက်သိမ်းမည်ဟုဆိုကာ အဆိုပါ လုပ်သားများကို အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လုပ်သားများထံမှ စုံစမ်းသိရှိရသည်။
::
လုပ်သား ၂၀၀ ကျော်ရှိသည့်အနက် သမဂ္ဂတွင် ပါဝင်သော အလုပ်သမား တစ်ရာကျော်ကို လျော်ကြေးပေးကာ အလုပ်မှ နုတ်ထွက်ခိုင်းကာ မဟာလင်းထက် အမည်ဖြင့် စက်ရုံသစ် ဖွင့်ရန် စီစဉ်နေသောကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြခြင်း ဖြစ်ပြီး အဆိုပါ လုပ်သားများက ပြောကြားသည်။
::
အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြရန် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးကို ခွင့်ပြုချက် မယူထားသဖြင့် သပိတ်စခန်း ရုပ်သိမ်းရန် ရဲတပ်တပ်ဖွဲ့ဝင်များက ဟန့်တားခဲ့သော်လည်း စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီအထိ သပိတ်စခန်း ရုပ်သိမ်းခြင်း မရှိသေးပေ။
::
အလုပ်သမား ဥပဒေပါ အလုပ်သမား အခွင့်အရေး ရရှိရေး တရားဥပဒေ စိုးမိုးရေး ဒို့အရေးဟု ကြွေးကြော်၍ ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်း ဖွင့်ခဲ့ကြသည်။
::
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ဟုန်ရှင်း အအေးခန်းစက်ရုံ စက်ရုံမှူးများဖြစ်သည့် ဦးကောင်းစံနှင့် ဦးနေထွန်းစံတို့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်ရှိနေသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။
::
စက်ရုံ ဖျက်သိမ်းသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနကို အကြိမ်ကြိမ် တင်ပြသော်လည်း လာရောက် ဖြေရှင်းခြင်း မရှိကြောင်း ဦးမင်းမင်းက ပြောကြားသည်။
::
လုပ်သားခေါင်းဆောင် နှစ်ဦးကို အလုပ်ပြန်ခန့်ရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက်ရရှိရန် သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်ဆန္ဒပြခဲ့ပြီး ခုံသမာစိအဖွဲ့က အချက်အများစု လိုက်လျောပေးရန် ဆုံးဖြတ်သဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမှု ပထမအကြိမ် ပြီးဆုံးခဲ့သည်။

Photo:: Kolatt (PBDN)
The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment