Pages

Monday, September 23, 2013

ဇယ်တောက်ကစားကြပြီး နောက်ပြောင်ရာမှ လူသတ်မှုဖြစ်

RangonNewsDaily:: September 23, 2013

ဇယ်တောက်ကစားပြီး နောက်ပြောင်ရာမှ အချင်းချင်း ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှုတစ်ခု စက်တင်ဘာ ၂၁ ရက်က လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
အဆိုပါ လူသတ်မှုမှာ လှိုင်သာယာမြို့နယ် ရွှေရင်အေး ဘုရားလမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် ညနေ ၄ နာရီ ၄၅ မိနစ် လောက်က ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။ ယင်းကွမ်းယာဆိုင်တွင် ကိုနာတူး (၃၅)နှစ် (၁၈)ရပ်ကွက်နေသူနှင့် တစ်ရပ်ကွက်တည်းနေသူ ကို ------ (၂၈)နှစ်တို့ ဇယ်လက်တောက်ခုံ ကစားရင်း နောက် ပြောင်ခဲ့ကြသည်ဟု ဆိုထားသည်။

ထို့သို့ နောက်ပြောင်နေကြရာမှ ကိုနာတူးအား ကို ---- က ကတ်ကြေးဖြင့် ထိုးသဖြင့် လည်ပင်းယာဘက် ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိကာ လှိုင်သာယာ ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သိရှိရမှုကြောင့် ကို----အား အရေးယူပေးရန် ဒု-ရဲအုပ်စန်းထွေးက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို သောင်ကြီးနယ်မြေ ရဲစခန်းက(ပ) ၅၇၀/၂၀၁၃ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူဟု သံသယရှိ တိုင်တန်းခံထားရသူအား လိုက်လံဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးစစ်ဆေး၍ ပြစ်မှုကျူးလွန်ခဲ့သည်ကို တွေ့ရှိပါက ပုဒ်မ ၃၀၂ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ရဲဇာနည် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment