Pages

Sunday, September 29, 2013

ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ဗန်းမော်တွင် ဖုန်းလိုင်းများ ပြန်ရသော်လည်း အင်တာနက်သုံး၍ ရမည်မဟုတ်

RangonNewsDaily:: September 29, 2013

မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ကချင်ပြည်နယ် ဗန်းမော်မြို့၌ စက်တင်ဘာ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မိုဘိုင်းလ် ဖုန်းလိုင်းများ အားလုံး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အင်တာနက်ကို အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာရုံးမှ ဦးစီးအရာရှိ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။ ဗန်းမော်မြို့ ဆက်သွယ်ရေး တာဝါတိုင်ကို စက်တင်ဘာ၂၆ ရက်နေ့ နံနက် ၃နာရီခွဲ အချိန်ခန့်က မိုးကြိုးပစ်ခဲ့သည့်အတွက် အဝေးလိုင်း ဆက်ကြောင်း BU/UB ကတ်နှင့် အင်တာနက် ဆက်ကြောင်း ADSL တွင် အသုံးပြုနေသော စက်ပစ္စည်း အစိတ်အပိုင်းအချို့ မိုးကြိုးစက်ကွင်းမိကာ ပျက်စီးသွားသဖြင့် ယင်းနေ့ နံနက်ပိုင်းမှ စတင်ကာ မိုဘိုင်းလ် ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အင်တာနက် သုံးဖို့အတွက် သုံးရက်လောက် ကြာဦးမယ်” ဟု ၎င်းက ပြောကြားသည်။

ပျက်စီးသွားသည့် BU/UB ကတ်ကို မန္တလေးမှ မှာယူကာ ပြုပြင်နိုင်ခဲ့၍ ဖုန်းလိုင်းများ ပြန်ရသော်လည်း အင်တာနက် ဆက်ကြောင်း ADSL စနစ်အတွက် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်းများကိုမူ ရန်ကုန်မှ မှာယူရမည် ဖြစ်သောကြောင့် အချိန်ကြန့်ကြာခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဗန်းမော်ရှိ ပြည်တွင်း NGO တစ်ခုမှ ဝန်ထမ်းတစ်ဦးကမူ “ကျွန်မတို့ဆီမှာက လက်ကိုင်ဖုန်းတွေကိုပဲ အများစု အားကိုးနေရတာ။ လက်ကိုင်ဖုန်းတွေ တစ်ခုခု ဖြစ်ပြီဆိုရင် အလုပ်လုပ်တဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ကြုံရတယ်” ဟု ဆိုသည်။

ဗန်းမော်မြို့တွင် လက်ရှိ GSM နှင့် CDMA 450MHz ဖုန်းလိုင်းများ ပြတ်တောက်နေသော်လည်း တန်ဖိုးနည်း ၁၅၀၀ ကျပ်ဖုန်း CDMA 800MHz ဖုန်းလိုင်းများမှာမူ ခေါ်ဆို အသုံးပြု၍ရကြောင်း ဒေသခံ များ၏ အဆိုအရ သိရသည်။

ဗန်းမော်မြို့တွင် မိုဘိုင်းလ် ဖုန်းလိုင်း ၄၀၀၀ ခန့်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ငှားရမ်း အသုံးပြုခွင့် ပေးထားကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေးရုံး၏ စာရင်းများအရ သိရသည်။
မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment