Pages

Wednesday, August 14, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ စံပြ ရဲအချုပ်ခန်းတွင် သေဆုံးမှု စီအိုင်ဒီ စတင်စစ်ဆေး

RangonNewsDaily:: Aug 14, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ရှိ စံပြ ရဲတပ်ဖွဲ့စခန်း၏ အချုပ်ခန်းတွင် မေလ ၂၃ ရက်နေ့က နံရိုးကျိုး ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု၊ ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုများကို နေပြည်တော် အထူးအမှုစစ်အဖွဲ့ (စီအိုင်ဒီ)က သြဂုတ်လ ၁၂ ရက်နေ့က စစ်ဆေး ခဲ့သည်ဟု စစ်ဆေးခံရသူ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ဦးသန်းထွန်း သေဆုံးမှုနှင့် ပတ်သက်ပြီး နေပြည်တော် အထူးအမှုစစ်အဖွဲ့က သက်သေစစ်ဆေးရန် ရှိသဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်မြို့အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့စိတ်မှူးရုံးသို့ လာရောက်ရန် တပ်ဖွဲ့စိတ်မှူးလက်မှတ် ရေးထိုးထားသော အကြောင်းကြားစာဖြင့် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

နေပြည်တော် စီအိုင်ဒီအရာရှိသုံးဦးက သေဆုံးသူ၏ဇနီးနှင့် သေဆုံးသူ ဦးသန်းထွန်း ရင်ခွဲစစ်ဆေးခဲ့စဉ်က လိုက်ပါခဲ့သည့် ဦးသန်းထွန်း၏ တူဖြစ်သူကို အချိန် သုံးနာရီကျော်ကြာ စစ်မေးခဲ့ရာတွင် သေဆုံးသူ ဦးသန်းထွန်းမှာ တစ်ရွာ တည်းနေသူ ဦးနီနှင့် ခိုက်ရန်ဖြစ်ပွားချိန် မှစ၍ တရားစွဲဆိုချိန်ထိ မေးမြန်းခဲ့ပြီး ထွက်ချက်များကို လက်မှတ်ထိုးခဲ့စေကြောင်း အစစ်ဆေးခံခဲ့ရသူများက ပြောဆိုသည်။

"အထက်က အမိန့်ကျလို့ လာစစ်တာ လို့ပြောတယ်။ ပန်းတောင်းရဲစခန်းကို လည်း သွားစစ်မယ်လို့လည်း ပြောတယ်" ဟု ဦးသန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်မြင့်ဌေး က ဆိုသည်။

ပန်းတောင်းရဲစခန်းမှူးမှာ ဦးသန်းထွန်း သေဆုံးခဲ့သည့်နေ့ မတိုင်မီ မေလ၂၂ ရက် နေ့ညနေပိုင်းက စခန်းတွင် မရှိဟု ပြောဆို ခဲ့သော်လည်း တရားရုံး၏ ထွက်ချက်များတွင် စခန်းတွင် ရှိသည်ဟု ထွက်ဆိုထားကြောင်း၊ နံရိုးကျိုးကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆေးစာထွက်ရှိမှ သိရသဖြင့် ဦးသန်းထွန်းသည် အရက်ကြောင်ကြောင်ကာ ကိုယ့်ကိုယ်ကိုယ် ထုရိုက်နှက်၍ သေဆုံးသည် ဆိုသော စခန်းမှူး၏ ပြောစကားမှာ မဖြစ်နိုင်ကြောင်း ဒေါ်မြင့်ဌေးကဆက်လက် ပြောကြားသည်။

"ခုမှ စစ်နေတုန်းပါ၊ ဖြေကြားပေးဖို့ တာဝန်ပေးထားတာ မရှိသေးပါဘူး၊ လာစစ်တာက နေပြည်တော် စီအိုင်ဒီ အဖွဲ့ လာတာပါ" ဟု စစ်ဆေးမှုအခြေအနေနှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့ စိတ်မှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဦးသန်းထွန်းသည် ပန်းတောင်းမြို့ စံပြရဲစခန်း၌ ချုပ်နှောင်ထားစဉ် လေးရက်မြောက် နေ့တွင် ဖူးရောင်ညိုမည်းဒဏ်ရာ များနှင့် သေဆုံးခဲ့သည့်အတွက် စခန်းတွင် အမှုဖွင့်ရာ စခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး ဖြစ်ကြောင်း ပြောဆို၍ မြို့နယ်၊ ခရိုင်တရားရုံးများသို့ ဦးတိုက် လျှောက်ကာ တရားစွဲဆိုသော်လည်း စခန်းမှူးဦးဆန်းလင်းမှာ ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိမှသာ တရားစွဲဆိုနိုင်သော ကြောင့် ပလပ်ခံခဲ့ရပြီး သြဂုတ်လ ၅ ရက်နေ့ တွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံသို့ တိုင်ကြားထား ခဲ့ခြင်းလည်း ဖြစ်သည်။

The Voice , RangonNewsDaily
kolatt (Pabedan): 14.8.2013

0 comments:

Post a Comment