Pages

Wednesday, August 14, 2013

နေပြည်တော်-ရန်ကုန်ပွဲ ဖြစ်ရပ်အတွက် မြန်မာနေရှင်နယ်လိဂ် သမိုင်း တစ်လျှောက် အပြင်းထန်ဆုံး ပြစ်ဒဏ်များချမှတ်

RangonNewsDaily:: Aug 14, 2013

နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိကွင်းတွင် ကစားခဲ့သော နေပြည်တော်-ရန်ကုန်ပွဲ၌ ဖြစ်ပွားခဲ့သည့် ပြဿနာများအတွက် မြန်မာနေရှင်နယ်လိဂ်
သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးပြစ်ဒဏ်များကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ချမှတ်ခဲ့သည်။ အဆိုပါပွဲစဉ်ကို မူလက နေပြည်တော် အိမ်ကွင်းဖြစ်သော ပေါင်းလောင်းကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရ ၀ဏ္ဏသိဒ်္ဓိကွင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ခြင်းဖြစ်ပြီး ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ကွင်းအတွင်း ပျက်စီးခဲ့မှုများအတွက် နေပြည်တော်အသင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှတစ်ဝက်စီ ကျခံပေးလျော် ရမည်ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် အိမ်ရှင်နေပြည်တော်အသင်းကို လာမည့်ဘောလုံးရာသီတွင် ပထမအကျော့ အိမ်ကွင်းကစားခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးပြစ်ဒဏ်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ရန်ကုန်ကစားသမား ရန်အောင်ကျော် ၏ မျက်နှာကိုကန်ခဲ့သည့် နေပြည်တော်ကစားသမား ခိုင်ထူးကို လာမည့်တစ်ရာသီပွဲပယ်၊ ရန်ပွဲတွင်ပါဝင် ခဲ့သည့် နေပြည်တော် ကစားသမားများ ကို ငါးပွဲပယ်နှင့် ဒဏ်ငွေငါးသိန်းစီ၊ နေပြည်တော်နည်းပြ ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြ ဦးမျိုးဝင်း၊ ရန်ကုန် လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းတို့ကို သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေငါးသိန်းစီ၊ ရန်ကုန်ကစားသမား ကြည်လင်းကို သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ငါးသိန်းအသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယင်းပွဲစဉ်မှာ မြန်မာနေရှင်နယ်လိဂ်တွင် အဆိုးရွားဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ခဲ့သော နှစ်ဖက် အသင်း ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကို စံပြအနေဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက မဇ္ဈိမသို့ ရှင်းလင်းပြောကြားသည်။

“ဒီပြစ်ဒဏ်တွေအားလုံးကို စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ငါးဦးကပဲ ဆုံးဖြတ်ပြီးချမှတ်တာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းကို ဘယ်သူမှ ၀င်စွက်လို့မရပါဘူး။ပြစ်ဒဏ်တွေက ပြင်းထန်ပါတယ်။ ဒါပေမဲ့ လုပ်ရပ်ကလည်း ဆိုးရွားလွန်း တဲ့အတွက် စံပြအနေနဲ့ ပြစ်ဒဏ်ချတာပါ။ ဒါကလည်း ဖီ ဖာရဲ့ပွဲ ပယ်စည်းမျဉ်းအတိုင်း ဆောင်ရွက်တာပါ။ ကျွန်တော်တို့ ကတောင် လျှော့ပေးထားပါသေးတယ်။ ငါးလ လောက် ပွဲပယ်ရမယ့်ပြစ်ဒဏ်ကို ဒီမှာက တစ်နှစ်မှ (၂၂) ပွဲ လောက်ပဲ ကစားမှာ ဖြစ်တာကြောင့် ငါးပွဲ လောက်ပဲ ပယ်တာပါ” ဟု ဦးခင်မောင်ထွေး က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို
ပြန်လည် ဖြေကြားသည်။

စည်းကမ်းထိန်းသိမ်းရေးမှ ချမှတ်ခဲ့သည့် ပြစ်ဒဏ်နှင့်ပတ်သက်၍ အသင်းများအနေဖြင့် အယူခံဝင်နိုင်မည်ဖြစ်ပြီး ယခု ပြစ်ဒဏ်မှာ ကစားသမားများ၊ နည်းပြများနှင့် အသင်းများအတွက်သာ ချမှတ်သော ပြစ်ဒဏ်သာဖြစ်ကာ ပရိသတ်များ ကိုမူ ဒေသခံရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

လာမည့်နှစ်တွင် AFC Cup ၀င်ခွင့်ရ ထားသော နေပြည်တော်အသင်း အနေဖြင့်လည်း ယခုပြစ်ဒဏ်ကြောင့် အိမ်ကွင်း အဖြစ် ပေါင်းလောင်းကွင်းကို သုံးခွင့်ရတော့မည်မဟုတ်ဘဲ AFC Cup ပွဲစဉ်များကိုပါ ကြားကွင်းတွင် ကစားရတော့ မည် ဖြစ်သည်။

Mizzima News , RangonNewsDaily
kolatt (Pabedan): 14.8.2013

0 comments:

Post a Comment