Pages

Tuesday, August 20, 2013

တပ်သိမ်းမြေ ပြန်မရရှိပါက လယ်သမား ၆၀ ကျော် ထွန်တုံးတိုက်ပွဲဆင်နွှဲမည်

ဒီပဲယင်း၊ RangonNewsDaily:: Aug 20, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မြင့်တန့်ကျေးရွာရှိ တပ်သိမ်းမြေများ ပြန်လည် မရရှိပါက လယ်သမား ၆၀ ကျော်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း မြင့်တန့်ကျေးရွာ လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်သူ ဦးမြင့်လွင်က ပြောကြားသည်။
မြင့်တန့်ကျေးရွာရှိ လယ်သမား စုစုပေါင်း ၆၀ ကျော်၏ လယ်မြေဧက စုစုပေါင်း ၃၀၀ ကျော်ကို အရာတော်မြို့တွင်ရှိသော အမှတ် (၁၀) လေ့ကျင့်ရေးတပ်က ၂၀၀၃ ခုနှစ်တွင် သိမ်းယူထားပြီး ယခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် မူလပိုင်ရှင် လယ်သမားများကို ပြန်လည်ပေးအပ်မည်ဟု သက်ဆိုင်ရာ လယ်သမားများကို လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူးသန်းထိုက် ဆိုသူက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သော်လည်း လက်တွေ့ပေးဆောင်ခြင်း မရှိသေးသည့်အတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တပ်သိမ်းမြေများ ပြန်လည်ပေးမည်ဆိုပြီး ပြန်လည် မရရှိသေးခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြထားကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် ချိတ်ဆက်ဆောင်ရွက်သူများအဖွဲ့ စစ်ကိုင်းတာဝန်ခံ ဦးတင်နိုင်ထွန်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရာတော်မြို့ရှိ လေ့ကျင့်ရေး (၁၀) တပ်သို့ ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားခွင့် မရှိကြောင်း လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးလှဖုန်းက ပြောကြားသည်။
The Voice , RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment