Pages

Tuesday, August 20, 2013

ချင်းမိုင်မြို့ မြန်မာဘုန်းကြီးကျောင်း မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်

RangonNewsDaily:: Aug 20, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဘိဓမ္မာပိဋကတ်တော်တွေကို သင်ကြားပေးနေတဲ့ မြန်မာဆရာတော် ဘဒ္ဒန္တကောဏ္ဍညကို ခန့်အပ်တင်မြောက်ပွဲကို အဲဒီကျောင်းမှာပဲ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်အဖြစ်တာဝန်ယူမယ့် သက်တော် ၆၇ နှစ်၊ ၀ါတော် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တကောဏ္ဍညက ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်တင်မြှောက်ပူဇော်ပွဲ ကျင်းပဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။

“ဒီ ဝပ်ဆိုင်းမွန်းကျောင်းက တကယ်တော့ ယိုးဒယားဘုန်းကြီးတွေက သူတို့ကျောင်းလို့ ယူဆနေတာပေါ့နော် အဲ့ဒါကို မြန်မာနိုင်ငံ သမ္မတကြီးက ဦးဇင်းတို့ ဒီမှာချင်းမိုင်မှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ဆန္ဒ ပြင်းပြင်းထန်ထန်နဲ့ ကန့်ကွက်ကြလို့မို့ မြန်မာဖက်ကို ပြန်ယိုင်လာပြီးတော့ သူတို့ကလျှော့သွားတဲ့အချိန်မှာ သမ္မတကြီးက ၀န်ကြီးချူပ်ကို နှစ်နိုင်ငံခေါင်းဆောင်တွေ ပြောကြဆိုကြရင်းကနေ သဘောတူပြီးတော့၊ သူတို့နှစ်ယောက်ရဲ့ကတိဝန်ခံချက်ကြောင့် အကောင်အထည်ဖော်လိုက်ကြတာ ဒီနေ့ ဒါအောင်မြင်တဲ့ပွဲပေါ့နော် အထိမ်းအမှတ်ပွဲလုပ်တာပါ”

ဆရာတော်ဟာ မြန်မာနိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်တွေ၊ သီတဂူဆရာတော် အဂ္ဂမပာာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရစတဲ့ ဆရာတော်ကြီးတို့အပြင် သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ သြဂုတ်လ ၁၉ ရက်နေ့ညနေပိုင်းက ချင်းမိုင်မြို့ကို ရောက်ရှိလာပြီး ထိုင်းနိုင်ငံရောက် မြန်မာဒါယိကာ၊ ဒါယိကာမတွေနဲ့ ကျောင်းထိုင်ဆရာတော် ခန့်အပ်တင်မြှောက်ပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ အသိပညာတွေရရှိဖို့အပြင် ဝပ်ဆိုင်းမွန်းကျောင်းကြီး တိုးတက်အောင်ကြိုးစားသွားဖို့ သံဓိဌာန်ချထားကြတယ်လို့ ဆရာတော် ဦးကောဏ္ဍညက မိန့်ကြားပါတယ်။

“ကုသိုလ်ရေးတွေ၊ ဒါ့အပြင် လောကီမှာအဆင်ပြေရေး၊ မြန်မာအလုပ်သမား အမျိုးသား အမျိုးသမီး ကလေးလေးတွေ ပညာတတ်ရေး၊ အမျိုးဘာသာ သာသနာရေးပေါ့ဗျာ၊ ဦးဇင်းတို့ ဒါလုပ်ဖို့ ရည်ရွယ်ချက်တွေရှိပါတယ်၊ ဒီကျောင်းကြီး တိုးတက်အောင်ကတော့ ဦးဇင်းတို့ မြန်မာမိသားစုတွေနဲ့ တိုင်ပင်ပြီးတော့ တိုးတက်သွားအောင် ဆက်လက်ပြီးတော့ကြိုးစားဖို့ ဦးဇင်းတို့ အကုန်လုံး သံဓိဌာန်ချထားကြပါတယ်။ ဘုန်းကြီးကျောင်းမှာ လှူတဲ့တန်းတဲ့ကိစ္စတွေမှာ အရင်တုန်းကတော့ သိပ်ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ပေါ့နော် လုပ်ပိုင်ခွင့်သိပ်မရှိဘူးပေါ့နော်၊ အခုတော့ ဒီဘုန်းကြီးခေါင်းဆောင်ရှိလာတဲ့အတွက် ဘုန်းကြီးကတာဝန်ခံပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ကြမှာပေါ့နော်၊ ၀ါဆိုပွဲတွေ၊ ကထိန်ပွဲတွေ၊ နှစ်သစ်ကူးပွဲတွေ၊ အဲ့ဒါတွေလုပ်သွားမှာပေါ့နော်။”

အရင်က ဝပ်ဆိုင်းမွန်းဘုန်းတော်ကြီးကျောင်းမှာ ၆၅ နှစ် ကျောင်းထိုင်သွားခဲ့တဲ့ ဆရာတော် ဦးအာသဘဟာ ၂၀၁၁ ခုနှစ်ကုန်ပိုင်းက ပျံလွန်တော်မူသွားပြီးတဲ့နောက်ပိုင်း ကျောင်းထိုင်ဆရာတော်နေရာကို ထိုင်းသံဃာတော်တစ်ပါး အစားထိုးခန့်အပ်ဖို့ ထိုင်းသာသနာရေးဦးစီးဌာနနဲ့ ထိုင်းသံဃာတော်တွေက စီစဉ်ခဲ့တဲ့အတွက် ချင်းမိုင်ရောက် မြန်မာနိုင်ငံသားတွေက မြန်မာသံဃာတော်ကိုပဲ ကျောင်းထိုင်ဆရာတော်ခန့်အပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းပြီး ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာ ထိုင်းအစိုးရဖက်က မြန်မာကျောင်းထိုင်ဆရာတော်ဆက်ထားဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
RFA(Burmese) ,  RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment