Pages

Thursday, July 18, 2013

(၇ ဇူလိုင်/ ၁၉ ဇူလိုင် ) အာဇာနည်မျိုး သေရိုးမရှိ


july19

ဇူလိုင်-၁၈၊၂၀၁၃
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ ၆၆နှစ်ပြည့်ခဲ့လေပြီ။ ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ၊ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး
အတွက် သမိုင်းတလျှောက်မှာ တိုင်းပြည်အတွက် မိမိအသက်ကိုစတေး၍ ပေးဆပ်ခဲ့ကြသောအာဇာနည်
ခေါင်းဆောင် အများအပြား ပေါ်ထွန်းခဲ့ ဘူးလေသည်။
အထူးသဖြင့်ယခုလကဲ့သို့ဇူလိုင်လသည် မိုးစက်များနှင့်အတူ သွေးစွန်းခဲ့ရသည့် သမိုင်း ကို ၀မ်းနည်းစွာဦး
ညွတ် ရမည့်အချိန်ကာလတစ်ခုဖြစ်ခဲ့လေသည်။

၇ ဇူလိုင် / ၁၉ ဇူလိုင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ဇူလိုင်သမိုင်းသည်ကျောင်းသား အာဇာနည် အမျိုးသားအာဇာနည်တို့ သွေးဖြင့်ရေးခဲ့သောလ ၊

အဓိပတိလမ်းတွေသွေးစွန်းခဲ့..။
တက္ကသိုလ်မြေသွေးစွန်းခဲ့…။
ကျောင်းတံခါးတွေသွေးစွန်းခဲ့…။
အတွင်းဝန်ရုံးသွေးစွန်းခဲ့…။

နိုင်ငံရေးအာဏာကို လက်နက်အားကိုးနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့သောလူတစ်စု၏ ယုတ်မာရက်စက်
မှုဖြင့်ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသော်လည်း ထိုလက်နက်
အားကိုးဖြင့်နိုင်ငံရေးအာဏာကို ရယူရန်ကြိုးစားခဲ့သည့် ဂဠုန်ဦးစော အပေါင်းအပါ တစ်စုတို့ နိုင်ငံရေးအာ
ဏာ မရခဲ့သည့်အပြင်ကြိုးစင်ပေါ်တက် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ပါခံခဲ့ရ လေသည်။

အာဏာဟူသည်လက်နက်အားကိုးနည်းလမ်းဖြင့် မရနိုင်ပြည်သူလူထု၏ ယုံကြည် ထောက်ခံမှုရှိမှသာလျှင် ရရှိနိုင်ကြောင်း (၁၉) ဇူလိုင်က အာဏာရူးများကို သင်ခန်းစာပေးခဲ့လေသည်။

7 july

  နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းတပါးနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးရရှိရန် ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ စိတ်ဓာတ်သည် အဘယ်နည်း? အာဇာနည် စိတ်ဓာတ်ဆိုသည်မှာ မိမိ
တိုင်းပြည် ဖွံ့ဖြိုးစေလိုသောဆန္ဒ၊ ပြည်သူလူထုအား ကောင်စားစေလိုသော စိတ်ဓာတ် ၊မိမိအကျိုးထက်နိုင်
ငံ အကျိုးကိုသာ ကြည့်တတ်သောနှလုံးသား ကို ဆိုလိုရင်းဖြစ်ပါသည်။

ကျဆုံးလေပြိးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ကျွန်တော်တို့ ၀မ်းနည်းစွာ ဦးညွတ် အလေးပြုရုံ
မျှနှင့် ဇူလိုင် ၀မ်းနည်းမှတ်တမ်းသည် မပြည့်စုံ။ ထိုသမိုင်းကို သွေးဖြင့်ရေးသားခဲ့သော ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ကျွန်တော်တို့မွေးမြူ၍နိုင်ငံ အရေး ၊ ဒီမိုကရေစီရေး ။

တိုင်းပြည်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ နီုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ
တွင် ပြည်သူလူထု တစ်ရပ်လုံး မျက်ချေမပြတ် ပါဝင်ပတ်သက်ကြဖို့ လိုအပ်ပါလိပ့်မည် ။ သမိုင်း စာမျက်နှာ
သစ်များကို ကျွန်တော်တို့ ချွေးစက်များဖြင့်ဆက်လက် ရေး သားဖို့လိုပါသည်။ လျှောက်လှမ်းဖို့လိုပါသည်။

ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည်ယခုကျရောက်သော (၆၆)နှစ်မြောက်အာဇာနည်နေ့မှစ၍ခေါင်းဆောင်ကြီး
များ၏ ဆန္ဒကိုဆက်လက် အကောင် အထည်ဖော်ကြပါစို့ ။ အာဇာနည်စိတ်ဓာတ်မွေးမြူကြပါစို့ ။

နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများတွင်ရဟန်းအာဇာနည်၊ကျောင်းသားအာဇာနည် ၊လယ်သမားအာဇာနည်
၊ အမျိုးသားအာဇာနည် ကြီးများ အများအပြားပေါ်ထွန်းခဲ့လေရာ အာဇာနည်နေ့ ဟု အစိုးရရုံးပိတ်ရက် အဖြစ်
ကြေ ငြာ၍တစ်မျိုးသားလုံးဝမ်းနည်းဖွယ်နေ့ တစ်နေ့အဖြစ် ဂုဏ်ပြုသတ် မှတ်ခဲ့သောအမျိုးသားခေါင်းဆောင် ၊ လွတ်လပ်ရေးဗိသုကာကြီး ဦးအောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကိုသာ ကျွန်တော်တို့ရင်
ထဲတွင် အမှတ်ရနေရုံနှင့် မလုံလောက်ဘဲ ထို အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွတ်အနစ်နာခံရဲ
သည့် သတ္တိများကိုလဲ မွေးမြုရမည်ဖြစ်လေသည်။ထို့ပြင်…
  • ၁၉၂၉စက်တင်ဘာလ ၂၉ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်မှုဖြင့် ရန်ကုန် အကျည်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း(၁၆၆)ရက်တိုင် အစာငတ်ခံတိုက်ပွဲဝင်ကာ ပျံလွန်တော်မူသွားခဲ့သော အာဇာနည် ဆရာတော်ဦးဝိစာရ ကဲ့သို့ရဟန်းအာဇာနည်များ ။
  •  
  • ၁၉၃၁နိုဝင်ဘာလ ၂၁ရက်နေ့တွင်နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင်၍ တော်လှန် တိုက်ပွဲဝင်ခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက်ခံရသည့် ဂဠုန်ဆရာစံ ကဲ့သို့ လယ်သမား အာဇာနည်ကြီးများ ။
  •  
  • ၁၉၃၈ ဒီဇင်ဘာ၂၀ရက်နေ့တွင် (ယခုဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ) အတွင်းဝန်ရုံးရှေ့ စပတ်လမ်းမ (ယခုဗိုလ်အောင်ကျော်လမ်း) ထက်တွင် ကျောင်းသားရာပေါင်းများစွာနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး နယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်များ၏ တုတ်ချက်ဖြင့်ဒီဇင်ဘာ၂၂ရက်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် (နေမျိုးသီဟသူရဗိုလ်အောင်ကျော်) ကဲ့သို့ကျောင်းသား အာဇာနည်များ။
  •  
  • ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုပမ်းခဲ့ကြပြီး အသက်ပေးလှူသွားခဲ့သော မန္တလေးအာဇာနည် (၁၇)ပါးကဲ့သို့အာဇာနည်များ။
  •  
  • ၁၉၆၂ခုနှစ် ဇူလိုင်လ(၇) ရက်နေ့တွင်ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့၌ တော်လှန်ရေးကောင်စီ အစိုးရ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား ဗိုလ်နေ၀င်းအစိုးရ၏ ရက်စက် ရမ်းကားစွာ ပစ်သတ်မှုကြောင့် ကျောင်းသားရာချီ၍ တက္ကသိုလ် မြေ ပေါ်တွင် အသက်ပေးသွားခဲ့ရသည့် ကျောင်းသားအာဇာနည်များ ။
  •  
  •  ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှား မှုကို ခေါင်းဆောင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်းအာဏာရှင် တို့၏ကြိုးပေးကွပ်မျက်ခြင်းကိုခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကဲ့သို့ကျောင်းသားအာဇာနည်များ ။
  •  
  • ၁၉၈၈ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွင် အသက်ပေးစွန့်လှူသွားသော အာဇာနည် ရဟန်းရှင် လူ ကျောင်းသားပြည်သူများအား ကျွန်ုပ်တို့အမှတ်ရနေရမည်ဖြစ်ပေသည်။
လူ့သမိုင်းဟူသည် လက်နက်ဝါဒီ လူရမ်းကားများ၏ တရားမဲ့ရမ်းကားရာ နယ်မြေအရိုင်း ဘုံမဟုတ်ကြောင်း
ကို အာဇာနည်နေ့ကအမှတ်ရနေစေပါလိပ့်မည်။ အာဇာနည်အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်
ဆန်း၏ ပုံရိပ်များနှင့် လယ်သမား အာဇာနည်ကြီး ဂဠုန်ဆရာစံ/ရေနံမြေ သပိတ် ခေါင်းဆောင်အာဠာဝက သခင်ဖိုးလှကြီးစသော ခေါင်းဆောင်များ၏ပုံရိပ်များသည်ငွေစက္ကူများပေါ်တွင်ဖျောက်ဖျက်ခံခဲ့ရသော်လည်း
ကျွနုပ်တို့၏ နှလုံးသားထဲတွင် ကွယ်ပျောက်၍မသွားခဲ့ သမိုင်း စာမျက်နှာများထက်တွင် ဖျောက်ဖျက်၍မရခဲ့ ။ ရဲရင့်မြင့်မြတ် သူတို့၏ အတ္ထုပတ္ထိသည် ဘယ်အချိန်ဖတ်ဖတ် ကျွနုပ်တို့၏နှလုံးအိမ်ထဲတွင် မှိုမတက်ခဲ့ပေ..။

တခေတ်တစ်ခါကအစိုးရဌာနအဆောက်အဦးရုံးခန်း များတွင် တစ်ခမ်းတစ်နား ချိတ်ဆွဲထားသည့် အမျိုးသား
ခေါင်းဆောင်ကြီး၏ ဓာတ်ပုံများမှာ ဆယ်စုနှစ်နှစ် စုခန့်အများပြည်သူ၏ မြင်ကွင်းများမှ ပျောက်ကွယ်ခဲ့ရာမှ ယခုနိုင်ငံတော် သမ္မတ၏ ရုံးခန်းမှစ၍ အများ ပြည်သူနေ့စဉ်အသုံးပြုရာ ဘတ်(စ်)ကားမကျန်နေရာ အနှံပြန်
လည် တွေ့မြင်လာရပြီဖြစ်လေသည်။ သမိုင်းဟူသည် ဘယ်သောအခါကမှ ပျောက်ကွယ်သွားရိုး ထုံးစံမရှိ
ခဲ့ပေ။

သမိုင်းကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြ ကောင်းပြုလုပ်ခဲ့ကြပါလိပ့်မည်။ သို့သော် အမှန်တရားကို ဖျောက်ဖျက်
၍မရနိုင်.. အာဇာနည်မျိုးသေရိုးမရှိခဲ့လေပြီ ။ထို့ကြောင့်ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏
တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲသည့် စိတ်ဓာတ်ကို မွေးမြူကြပါစို့…။

သမိုင်းအဆက်ဆက်လွတ်လပ်ရေး ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေးအတွက် အသက်ပေး စွန့်လှူသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးအမြတ်ပြုကြပါစို့။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား၁၉.၇.၂၀၁၃ နံနက်
၁၀နာရီ ၃၇မိနစ်တွင် နေရာအနှံမှ ၀မ်းနည်း ဥသြသံများ ကားဟွန်းသံများ ကြားရသည်နှင့် တစ်ပြိုင်နက် မိမိ
တို့ရောက်ရှိ နေသည့်နေရာများတွင် ၀မ်းနည်းစွာ ရပ်တန့်လျှက် ကျွန်ုပ်တို့ ခန္ဓာကိုယ်များဖြင့်ငြိမ်သက်စွာ အလေးပြုကြပါစို့ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ဦးညွတ်ကြပါစို့….။


စည်သူမောင်
3rd year B.Eon (stats.) Y.I.E 2007 sep.
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)
M-Media , RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment