Pages

Thursday, July 18, 2013

ဘိန်းဘုရင်ဟု နာမည်ကျော်ကြားခဲ့သော ဦးလော်စစ်ဟန်၏ ဈာပန အခမ်းအနားသို့ မိသားစုဝင်များနှင့် လူဦးရေ ၆၀၀ ကျော် တက်ရောက်

lawsitthan-july18
ဇူလိုင် ၁၇ ရက်က ဦးလော်စစ်ဟန်၏ ရုပ်ကလပ်ကို ရေးဝေသုသာန်ရှိ ယူနန်သင်္ချိုင်းသို့ သယ်ဆောင်လာမှုအား တွေ့ရစဉ်


ဘိန်းဘုရင်ဟု ကျော်ကြားခဲ့သော ဦးလော်စစ်ဟန်၏ နောက်ဆုံးအခမ်းအနားကို ဇူလိုင် ၁၇ ရက်က ယူနန်သုသာန်၌ ပြုလုပ်ခဲ့ပြီး မိသားစုဝင်များနှင့် လူဦးရေ ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၈၀ ရှိသော ဦးလော်စစ်ဟန်သည် ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် ယူနန်သုသာန်၌ သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ဦးလော်စစ်ဟန်သည် ကိုးကန့်-တရုတ် နွယ်ဖွားဖြစ်ပြီး ဦးနေ၀င်း အစိုးရလက်ထက်တွင် ကိုးကန့်ဒေသရှိ ကွန်မြူနစ်များကို တိုက်ထုတ်ခဲ့စဉ်က ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ဦးလော်စစ်ဟန်သည် ကိုးကန့်ဒေသ၌ ကိုးကန့်ကာကွယ်ရေး အဖွဲ့ကို လက်နက်ကိုင်အင်အား ၁၅၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ၁၉၆၈ ခုနှစ်တွင် အင်အား ၂၀၀ ခန့် တိုးပွားလာခဲ့ကာ လက်နက်ကိုင် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဘိန်းကုန်ကူးခြင်း လုပ်ငန်းကို အစပြု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကြောင့် ဦးလော်စစ်ဟန်မှာ ချမ်းသာကြွယ်ဝလာခဲ့ပြီး ဘိန်းဘုရင်ဟု နာမည်ကျော်ကြားခဲ့ကာ ၁၉၇၃ ခုနှစ်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း၌ ဖမ်းဆီးခံခဲ့ရပြီး မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးကာ မြန်မာအစိုးရက သေဒဏ်ချမှတ်ခဲ့သည်။

သို့သော် ၁၉၈၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဦးလော်စစ်ဟန်နှင့် သားဖြစ်သူ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်တို့သည် အေးရှားဝေါ (လ်) ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများ အပါအ၀င် ပြည်တွင်းရှိ စီးပွားရေး စီမံကိန်းများစွာကို လုပ်ကိုင်ခွင့်များ ရရှိခဲ့သည်။

ထို့အပြင် ရပ်ဆိုင်းထားခံရသော မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းနှင့် ကျောက်ဖြူရေနံပိုက်လိုင်း စီမံကိန်းတို့တွင် ဦးလော်စစ်ဟန် ပိုင်ဆိုင်သော အေးရှားဝေါ (လ်)ကုမ္ပဏီမှ ပါဝင်လုပ်ကိုင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် လျှောက်ထားခဲ့သော ဦးလော်စစ်ဟန်၏ ပြည်ဝင်ခွင့်လျှောက်ထားမှုကို အမေရိကန် အစိုးရက ပယ်ချခဲ့သည့်အပြင် သားဖြစ်သူ စတီဗင်လော (ခေါ်)ဦးထွန်းမြင့်နိုင်နှင့် ၎င်း၏ချွေးမတို့ လုပ်ကိုင်နေသော စင်ကာပူရှိ ကုမ္ပဏီများကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့သည်။

ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပန အခမ်းအနားသို့ ဦးလော်စစ်ဟန်နှင့် ရင်းနှီးမှုရှိခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော ဦးခင်ညွန့်နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ဇနီးအမည်ပါ ပန်းခွေများနှင့် ဦးမောင်အေးနှင့် ဒေါ်မြင့်မြင့်စန်း အမည်ပါ ပန်းခွေများကို ဦးလော်စစ်ဟန်၏ နောက်ဆုံးဈာပန အခမ်းအနားသို့ ပို့ဆောင်ခဲ့သည်။

ဦးလော်စစ်ဟန် ကွယ်လွန်ခြင်းအတွက် ပြည်ထောင်စု ၀န်ကြီးများ အပါအ၀င် အငြိမ်းစား အစိုးရ အရာရှိများ၏ ၀မ်းနည်းကြောင်း ကြော်ငြာများကို အစိုးရ သတင်းစာများတွင် နေ့စဉ်ရက်ဆက်နီးပါး ဖော်ပြခဲ့သည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment