Pages

Wednesday, July 24, 2013

ပြည်မြို့တွင် သမီးရည်းစား စုံတွဲထံမှ တပ်သားသုံးဦးက ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးမှုဖြစ်စဉ် စစ်ဆေးမှု သုံးလကြာသည်အထိ ထူးခြားမှု မရှိသေး

24.7.2013
ပြည်မြို့ န၀ဒေးတံတားအနီး၌ သမီးရည်းစား စုံတွဲထံမှ တပ်မတော်တပ်သား သုံးဦးက ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးမှုဖြစ်စဉ်ကို စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ကိုင်တွယ်စစ်ဆေးနေမှု သုံးလကြာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ စစ်ဆေးနေဆဲ အဆင့်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ တာဝန်ရှိသူ တစ်ဦးက ဇူလိုင်၂၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် ည ၁၀ နာရီခန့်က ပြည်မြို့ န၀င်းရပ်ကွက် တရုတ်စုလမ်းတွင် နေထိုင်သူ အမျိုးသားနှင့် ပြည်မြို့ န၀င်းရပ်ကွက် စားကုန်သည်လမ်းတွင် နေထိုင်သည့် အမျိုးသမီး ရည်းစားစုံတွဲမှ ရှုခင်းသာကော်ဖီ အောက်ခြေသောင်ပြင်သို့ ရောက်ရှိပြီး စကားပြောနေစဉ် ည ၁၀ နာရီခွဲအချိန်၌ လူစိမ်းသုံးဦး ရောက်ရှိလာကာ ၎င်းတို့စုံတွဲအား နှောင့်ယှက်သဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် သမီးရည်းစားစုံတွဲမှ အမျိုးသားဖြစ်သူ၏ မျက်နှာတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ သောင်ပြင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အလားတူ သမီးရည်းစားစုံတွဲမှ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးတွင် မျက်နှာနှင့် လည်ပင်းတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသမီးမှ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူများက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ သောင်ပြင်တစ်ဝိုက်နှင့် ရန်ကုန်-ပြည် ကားလမ်းဟောင်း နေရာများအား ရှာဖွေခဲ့ရာ ပြည်မြို့အထွက်တွင် ခ.လ.ရ ၇၅ မှ တပ်သား သန်းထိုက်အောင်၊ တပ်သား ရဲကိုဦးနှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်တပ်သားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ၀င်းစိန်က "ဒီဖြစ်စဉ်ကို စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ကိုင်တွယ်ပြီးတော့ စစ်ဆေးနေပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာထူးခြားမှုမှ တက်မလာသေးဘူး။ စစ်ဆေးနေဆဲ အဆင့်မှပဲ ရှိပါသေးတယ်" ဟု ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

"ဒီတပ်သားသုံးဦးနဲ့ သမီးရည်းစားစုံတွဲတို့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို ဖြစ်ပွားပြီးကတည်းက အချက်အလက်တွေကို စီအိုင်ဒီကို လွှဲပြောင်းပြီး ဖြစ်ပါတယ်။ အခု ဒီရက်ထိ စစ်ဆေးဆောင်ရွက်မှုတွေကို ထပ်မံမသိရှိရသေးပါဘူး" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူဟု ယူဆရသူ တပ်သားနှစ်ဦးကို တာဝန်ရှိသူများက သက်ဆိုင်ရာတပ်ရင်းသို့ ဆက်သွယ်အကြောင်းကြားကာ လွှဲပြောင်းပေးခဲ့သဖြင့် ပြည်မြို့ဒေသခံ အချို့မှ ဧပြီ ၂၄ ရက် နံနက် ၁ နာရီ အချိန်ခန့်တွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းရှေ့တွင် စုရုံး၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်သော အပြစ်ဒဏ်များ ချမှတ်ပေးရန်အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စီအိုင်ဒီ ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်မှု အခြေနေများကို သိရှိရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင်မောင်အေးအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ ဌာနမှာ အခုလို မေးမြန်းတဲ့ အကြောင်းအရာတွေကို ပြန်လည်ဖြေကြားဖို့အတွက် သီးခြားတာဝန် ပေးထားတာ မရှိပါဘူး။ ရှိလာရင်တော့ ဖြေကြားပေးသွားပါမယ်" ဟု ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဖြစ်စဉ်ကို ပြည်မြို့ အမှတ် (၂)ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment