Pages

Saturday, June 29, 2013

တော်လှန်ရေးကောင်စီ ပြည်သူပိုင် သိမ်းခဲ့သည့် ပစ္စည်းများ ပြန်ပေးမည် မဟုတ်ဟုဆို

နေပြည်တော်၊ ဇွန် ၂၈

တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခဲ့ပြီး အစိုးရလက်ဝယ်တွင် ကျန်ရှိနေသေးသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို မူလပိုင်ရှင်များနှင့် ဆက်ခံသူများသို့ ပြန်လည် လွှဲပြောင်း ပေးအပ်မည် မဟုတ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ပစ္စည်းများကို ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုကို ၎င်းကစာဖြင့် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံများနှင့် မြေယာကွက်များ စီမံခန့်ခွဲမှု ကော်မတီကို ၂၀၁၁ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့ပြီး သိမ်းဆည်းထားသည့် ပစ္စည်းများကို စနစ်တကျ ထုခွဲရောင်းချလျက် ရှိကြောင်း၊ ထို့ကြောင့် မူလပိုင်ရှင်များထံ ပြန်လည် လွှဲအပ်မည် မဟုတ်ဘဲ အကယ်၍ ကော်မတီက ပြန်လည် ရောင်းချချိန်တွင် မူလပိုင်ရှင်ကို ဦးစားပေး ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါ ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ယခင်အစိုးရက ပြည်သူပိုင် သိမ်းခဲ့သည့် ပစ္စည်းများကို အရပ်သားအစိုးရ လက်ထက်တွင် ဆက်လက် သိမ်းယူထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ရောင်းချသွားမည် ဆိုခြင်းမှာ အစိုးရတစ်ရပ်၏ အလုပ်မဟုတ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အမျိုးသမီးကြီး တစ်ဦးဆို အသက်တော်တော် ကြီးနေပြီ။ သိမ်းခံထားရတာ ပြန်ရမလား ဒီအဖြေကို စောင့်နေတာ။ အဖြေသာ ပြလိုက်ရင် တစ်ခါတည်း အသက်ထွက်သွားနိုင်တယ်” ဟု ၎င်းက ထုတ်ဖော်ပြောကြားသည်။

ယခင်က ၎င်းတို့ ဘိုးဘွားပိုင် အဆောက်အအုံ များကို တော်လှန်ရေးကောင်စီက သိမ်းယူခဲ့ပြီး ဌာနဆိုင်ရာ ရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ယခုအဆိုပါ အဆောက်အအုံသည် ဌာနဆိုင်ရာက အသုံးပြုတော့ခြင်း မရှိသဖြင့် ပြန်လည် တောင်းခံရန် ကြိုးစားနေပြီး ယခု ပြည်ထဲရေးဝန်ကြီး၏ စကားအရဆိုလျှင် မျှော်လင့်ချက် မရှိတော့သဖြင့် ဝမ်းနည်းမိကြောင်း ကျောက်တံတားမြို့နယ်မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးမောင်ဌေးက ပြောကြားသည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရသည် ရုပ်ရှင်ရုံများ၊ ဟိုတယ်လုပ်ငန်းများ၊ စက်ရုံများ၊ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း အမြောက်အမြားကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်။

တပ်မတော်အစိုးရ လက်ထက်မှ စတင်ကာ တော်လှန်ရေးကောင်စီက ပြည်သူပိုင် သိမ်းယူခဲ့သည့် အဆောက်အအုံများ၊ ရုပ်ရှင်ရုံများနှင့် စက်ရုံများကို တင်ဒါခေါ်ယူခြင်း၊ လေလံဆွဲစေခြင်း၊ အစိုးရနှင့် နီးစပ်သူများထံသို့ လွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။
The Voice , RangonNewsDaily
kolatt(PBDN): 29.6.2013

0 comments:

Post a Comment