Pages

Friday, April 26, 2013

အခွန်အများဆုံး ထမ်းဆောင်သူ ကုမ္ပဏီအစုဖွဲ့စာရင်း မေလအတွင်း ထုတ်ပြန်မည်

FRIDAY, APRIL 26, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ ကုမ္ပဏီအစုဖွဲ့စာရင်းကို မေလအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ ယခင် ဘဏ္ဍာနှစ်အတွင်းအခွန်ထမ်းဆောင်ခဲ့သူများစာရင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြုစုနေပြီး မေလအတွင်း ထုတ်ပြန်သွားနိုင်ရန် ကြိုးစားနေကြောင်းနှင့် ဂုဏ်ပြုအစီအစဉ်များ ပြုလုပ်သွားရန် ရှိကြောင်းကို ၎င်းက ဆိုသည်။ “အဓိကကတော့ အခွန်အများဆုံး ထမ်းဆောင်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့ သဘောပါ။ အရေအတွက်ကိုလည်း ယခင်နှစ်တွေထက် ပိုမိုထုတ်ပြန်ပေးဖို့ လူကြီးတွေက လမ်းညွှန်ထားတာ ရှိတယ်။ အခွန်ထမ်းဆောင်တယ် ဆိုတာဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူစရာ တစ်ခုအဖြစ် အသိနိုးထလာအောင် ထုတ်ပြန်ပေးရခြင်းလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 
အခွန်အများဆုံး ထမ်းဆောင်သူ ကုမ္ပဏီများစာရင်းကို အစိုးရသစ်လက်ထက်မှ စတင်ကာ အရေအတွက် တိုးမြှင့်၍ ထုတ်ပြန်ပေးခဲ့ပြီး ယခင်နှစ်က ဟိုတယ်လုပ်ငန်း အနည်းစုသာ အခွန်အများဆုံး ထမ်းဆောင်သည့် စာရင်းတွင် ပါဝင်မှုရှိခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 
 “ဒီနှစ်မှာတော့ ဘယ်ကုမ္ပဏီက ထိပ်ဆုံးမှာ ရပ်တည်မယ် ဆိုတာ မပြောတတ်သေးဘူး။ အခုမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စာရင်းတွေတောင်းပြီး စိစစ်ဆဲ ဖြစ်တာကြောင့် အတည်ပြုချက် ထွက်ပြီးမှပဲ အတိအကျ သိနိုင်မယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန နေပြည်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
ယခင်က အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီများ စာရင်း၌ ယမကာ ထုတ်လုပ်မှုနှင့် သက်ဆိုင်သော ကုမ္ပဏီအုပ်စုများမှာ ထိပ်တန်းအဆင့်တွင် ပါဝင်ခဲ့ပြီး နာမည်ကြီး စီးပွားရေးလုပ်ငန်း အုပ်စုအချို့မှာ ထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှစ် အခွန်ထမ်း ထိပ်တန်းစာရင်းကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်နေ့ထုတ် News Watch Weeekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်, Rangonnewsdaily
RND:  :26.4.2013

0 comments:

Post a Comment