Pages

Tuesday, April 23, 2013

တန်ဖိုးနည်းဖုန်းအတွက် ငွေဖြည့်ကဒ် သီးသန့်ရောင်းချမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်

အင်္ဂါနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၃ ခုနှစ်
ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးမည့် ဖုန်းကဒ်များအတွက် ငွေဖြည့်ရမည့် ကဒ်မှာ MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း) တံဆိပ် ပါရှိသည့် ဖုန်းကဒ်ဖြင့်သာ ငွေဖြည့်နိုင်မည်ဟု
မြန်မာ့ဆက်သွယ်ရေးမှ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ “မြန်မာ့ဆက်သွယ်ရေးရဲ့ အသိပေးကြေညာချက်အရ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက ဒုတိယ မြန်မာ့ ဆက်သွယ်ရေး အဖြစ် တရားဝင် ခွင့်ပြုထားတာလား။ ဒါဆိုရင်လည်း ပြည်သူကို ကြိုတင် အသိပေးသင့်ပါတယ်” ဟု ရန်ကုန်မြို့ ပြည်လမ်းပေါ်တွင် တယ်လီဖုန်းဆိုင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီတခုမှ မန်နေဂျာ ဦးထွန်းခိုင် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးနှင့်အပြိုင် ပုဂ္ဂလိကသို့ အော်ပရေတာ လုပ်ကိုင်ခွင့် ပြုမှုကို စိစစ် ရွေးချယ်ဆဲဟု ကြေညာချက် ထုတ်ပြန်ထားရာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ငွေဖြည့်ကဒ်ဖြင့်သာ ငွေဖြည့်နိုင်မည်ဟု ဆိုခြင်းကြောင့် ပွင့်လင်းမြင်သာမှု မရှိဟုလည်း စီးပွားရေး သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးက ဝေဖန်သည်။

“မြန်မာ့ဆက်သွယ်ရေးနဲ့ အပြိုင် ပုဂ္ဂလိကကို အော်ပရေတာ ပေးမယ်ဆိုပြီး ခုချိန်အထိ စိစစ်နေဆဲလို့ သိထားပါ တယ်။ ဘယ်အချိန်က အော်ပရေတာ လျှောက်ထားပြီး ဘယ်အချိန်က ခွင့်ပြုခဲ့တယ် ဆိုတာကို အများပြည်သူ မသိလိုက်ရဘူး ဖြစ်နေတာဟာ အရင်အခောတ်တွေလိုပဲ လို့တောင် တွေးစရာပါ” ဟု ဆိုသည်။

ထို့အပြင် ရောင်းချမည့် ငွေဖြည့်ကဒ်များ အလွယ်တကူ ဝယ်ယူရရှိနိုင်မည့် အခြေအနေကလည်း ဖုန်းအသုံးပြုမည့် သူများအကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

“MECT ဆိုတာ မြန်မာ့ ဆက်သွယ်ရေးနဲ့ အပြိုင် ကုမ္ပဏီတခုလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု ရှေ့နေတဦးဖြစ်သူ ဦးမျိုးက ပြောသည်။

ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းတယ်လီဖုန်းများမှာ လက်ရှိ မိုဘိုင်း တယ်လီဖုန်းဈေးကွက်တွင် ရောင်းချလျက်ရှိနေသည့် CDMA-800 MHZ ငွေဖြည့်ကဒ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းဖုန်းများအတွက် MECTel အမှတ်တံဆိပ်ပါ
ငွေဖြည့် ကဒ်များဖြင့်သာ တယ်လီဖုန်းပြောဆိုခ ဖြည့်တင်းရမည်ဟု ဧပြီ ၂၂ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးမှ ပြည်သူသို့ အသိပေးကြေညာချက်အဖြစ် ထုတ်ပြန်ထားသည်။
ရန်ကုန် (မဇ္ဈိမ) ,Rangonnewsdaily
RND:  :23.4.2013
 

0 comments:

Post a Comment