Pages

Saturday, March 2, 2013

ပုဂ္ဂလိကသတင်းစာ ၈ စောင်အား ပြန်ကြားရေးမှ ထုတ်ဝေခွင့်ပြု အချက်အလက် မပြည့်စုံဟုဆိုကာ Daily Eleven နေ့စဉ်သတင်းစာအား ချန်လှပ်ထား

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေရန် လျှောက်ထားသူများအနက်မှ ပုဂ္ဂလိကသတင်းစာ ၈ စောင်အား ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီထုတ်ဝေခွင့်ပြုကြောင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့၏ မတ်လ ၁ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ကြောင်း သိရသည်။ Eleven Media Group မှ Daily Eleven နေ့စဉ်သတင်းစာ လျှောက်ထားမှုအပေါ် အချက်အလက် မပြည့်စုံဟုဆိုကာ ချန်လှပ်ထားပြီး လိုအပ်သော အထောက်ထားများနှင့်အတူ ပြန်လည်လျှောက်ထားရန် မတ်လ ၁ ရက်နေ့ နေ့စွဲဖြင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ အကြောင်းကြားခဲ့သည်။

သတင်းစာထုတ်ဝေခွင့် တင်ပြထားသည့် လျှောက်လွှာ ၁၇ စောင်အနက် ၁၄ စောင်အား စိစစ်ပြီးနောက် ၈ စောင်အား ထုတ်ဝေခွင့်ပြုခြင်းဖြစ်ပြီး ၃ စောင်မှာ စိစစ်ဆဲ ဖြစ်ကြောင်း သိရသည်။

ယာယီ ထုတ်ဝေခွင့် ပြုလိုက်သည့် ပုဂ္ဂလိက သတင်းစာ ၈ စောင်မှာ ရွှေနိုင်ငံ မီဒီယာမှ ရွှေနိုင်ငံသစ်၊ ခေတ်မိုး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြို့းရေးပါတီ၏ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ Eleven Media Group နောက်မှ တင်သည့် The Messenger၊ နောက်ဆုံးရ နေ့စဉ်သတင်းစာ၊ သမ္မတ၏ ဥရောပခရီးစဉ်သို့ လိုက်ပါသွားသည့် ဒေါက်တာ တင်အောင်ခိုင်၏ Ever Win Media မှ မြန်မာနယူးဝိခ်နေ့စဉ်နှင့် မဇ္ဈိမ တို့ဖြစ်ကြောင်း သိရသည်။

“ငြင်းပယ်တဲ့ အကြောင်းကြားစာကို ရရှိပုံကတော့ အတော်ရီစရာ ကောင်းပါတယ်။ သူတို့အစည်းအဝေးက နေပြည်တော်မှာ မနက်ပိုင်းလုပ်တယ်။ နေ့ခင်း ၁ နာရီလောက်မှာ ဒီစာကို ရန်ကုန်က EMG ရုံးကို လာပို့တယ်။ ကြိုတင်ပြင်ဆင်ထားပုံရတဲ့ ဒီစာက အရမ်းမြန်တယ်။ နောက်ပြီး ငြင်းပယ်ရတဲ့ အချက် တွေက ၁၀၀ ကျပ်တန် တံဆိပ်ခေါင်း မကပ်လို့တဲ့။ တင်တုန်းက ညွှန်ချုပ်ဦးရဲတင့်ကိုယ်တိုင် လက်ခံခဲ့တာပဲ။ အဲ့ဒီတုန်းကလည်း မစိစစ်ဘူးလား၊ ဒီကြားထဲလည်း နှစ်ပတ် အချိန်ရတယ်။
 နောက် တစ်ချက်က သတင်းစာကို ဘယ်ဘာသာနဲ့ဆိုတာ မဖော်ပြလို့တဲ့။ ကျွန်တော်တို့ နေပြည်တော်ကို ကိုယ်တိုင်သွားတင်တာ ပြန်ဆက်ညွှန်ချုပ်ကို မြန်မာလို ထုတ်မယ်လို့ ရှင်းပြခဲ့တယ်။ နောက်တစ်ချက်က ကုမ္ပဏီသက်တမ်းက ရက်နည်းနည်းကျော်နေလို့ သက်တမ်းတိုးပါတဲ့။ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး နှစ်စဉ်အခွန်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ပုံစံ ၆၊ ၂၆ ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်၊ နှစ်စဉ် အခွန်ဆောင်တဲ့စာရွက်တွေပါတယ်။ ဒါတွေက ပိုအရေးမကြီးဘူးလား။ လိုတာတွေရှိရင်လည်း ဖုန်းဆက်ပြီး လှမ်းတောင်းနေကျပဲ။ 
အဲ့ဒီ ဌာနက ငွေအလှူခံတာကအစ လိုတာရှိရင် တစ်ချိန်လုံး ဖုန်းဆက်နေကျပဲ မဟုတ်ဘူးလား။ ဒီဟာလေးကျမှ စာတစ်တန် ပေတစ်တန်နဲ့ အကြောင်းကြားနေတယ်။ အခုလည်း လိုအပ်တာတွေအားလုံးဖြည့်ပြီး နေ့ချင်းပဲ ညွှန်ချုပ်ဆီ တင်ခိုင်းလိုက်ပါပြီ။ ကုမ္ပဏီသက်တမ်းတိုးတာလည်း စီးပွားကူးသန်းကို အမြန်ဆုံးတင်ပြီး အင်္ဂါနေ့ ပေးဖို့ စီစဉ်ထားပြီးပါပြီ။ 
ကျွန်တော် ဖုန်းဆက်တော့ ညွှန်ချုပ်ဦးရဲတင့်က ဒါဆိုပြည့်စုံပါပြီ လို့တော့ ပြောတာပါပဲ။ ဒီတစ်ခါတော့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ဂုဏ်သိက္ခာ အစိုးရရဲ့ ဂုဏ်သိက္ခာပဲ။ ကျွန်တော်တို့ စောင့်ကြည့်ပါမယ်” ဟု Eleven Media Group ၏ Managing Director ဒေါက်တာသိန်းမြင့်က ပြောပါသည်။

Eleven Media Group သည် Daily Eleven အမည်ဖြင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေရန် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် လျှောက်ထားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ နေ့စဉ်ထုတ် သတင်းစာထုတ်ဖို့ ပြင်ဆင်ထားတာ နှစ်နှစ်ကျော် သုံးနှစ်ရှိပြီ။ ဂျာနယ်လစ် ၁၀၀ ကျော် ၂၀၀ နီးပါးရှိတယ်။ Web Offset လည်း နှစ်လုံးဝယ်ထားတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း ဒေါ်လာ ၃ သန်းအထက် ရင်းနှီးထားတယ်။ 
ဒါပေမယ့် ကျွန်တော်တို့ သတင်းစာထုတ်ဝေခွင့် ချထားမှုအပေါ် အခြားဖိအားပေးမှုတွေနဲ့ ဆက်စပ်ထားတာ လုံးဝ လက်မခံနိုင်ပါဘူး။ အခု ပြန်ကြားရေးက ရေးဆွဲတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းကိုသာ အတည်ပြုခဲ့ရင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ။ ထပ်ပြောပါမယ်။ 
ကျွန်တော်တို့ ဒီဥပဒေကို အဆုံးတိုင် ကန့်ကွက်သွားမယ်။ ကျွန်တော်တို့ ရပ်တည်ချက်ကို ဘာနဲ့မှ မလဲဘူး။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ကတိတွေကို ပြည်သူတွေ၊ တိုင်းရင်းသားတွေ ဘာကြောင့် စိတ်ချလက်ချ မယုံကြည်ကြတာလဲဆိုတာ ကျွန်တော်တို့ သတင်းမီဒီယာတွေ ရှည်ရှည်ဝေးဝေး လိုက်မီးမောင်းထိုးပြစရာ မလိုဘူးလို့ ထင်ပါတယ်။” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
 
RND: 2.3.2013
Eleven Media Group

0 comments:

Post a Comment