Pages

Saturday, March 2, 2013

မြို့တွင်း ခရီးသွားလုပ်ငန်း စတင်ဝန်ဆောင်မှုပေး

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဟိုတယ်အချို့နှင့် ခရီးသွားကုမ္ပဏီများ ပူးပေါင်း၍ နိုင်ငံခြားခရီးသွားဧည့် သည်များအတွက် မြို့တွင်းခရီးသွားလုပ်ငန်း (City Tour) အစီအစဉ်အား ၀န်ဆောင်မှုပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီအချို့ထံမှ  သတင်းရရှိသည်။

နိုင်ငံတကာနည်းတူ နိုင်ငံခြားခရီးသွားဧည့်သည်များအား လိုအပ်ချက်ပြည့်စုံစွာနှင့် အဆင့်အတန်းမီစွာ မြို့တွင်း၌ လေ့လာလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Orchid ဟိုတယ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Sky Peace ခရီးသွားကုမ္ပဏီမှ ဦးသိန်းမြင့်က ပြောသည်။

ရန်ကုန်မြို့တွင်းသို့ လှည့်လည်ပို့ဆောင်ရာတွင် ရွှေတိဂုံ၊ ဗိုလ်တစ်ထောင်၊ ဆူးလေ၊ မြို့တော်ခန်းမ၊ အမျိုးသားပြတိုက်နှင့် ဗိုလ်ချုပ်ဈေးတို့အား အဓိကထား၍ ပို့ဆောင်ခြင်းဖြစ်ပြီး ၀န်ဆောင်ခအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာနှစ်ဆယ် ကျသင့်သည်ဟု ဦးသိန်းမြင့်က ပြောသည်။

“ဘန်ကောက်တို့၊ စင်ကာပူတို့မှာလည်း ဒီလို City Tour အစီအစဉ်တွေ ရှိတယ်” ဟု ခရီးသွားဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုညီညီက ပြောသည်။

မြို့တွင်း ခရီးသွားလုပ်ငန်း (City Tour) အစီအစဉ်အား ရန်ကုန်မြို့တွင်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး မန္တလေးမြို့တွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

City Tour အစီအစဉ်များကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပေါ်တွင် အကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခု၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးမောင်မောင်က သုံးသပ်ပြောကြားသည်။ 

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် စံချိန်တင် တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၁ ဒသမ ၅ သန်းခန့်ဝင်ရောက်နိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

RND: 2.3.2013
 7Day News Journal

0 comments:

Post a Comment