Pages

Wednesday, March 6, 2013

ဂျာမနီ ကမ္ဘာလှည့် မော်တော်ယာဉ်တန်း အင်းလေးဒေသ ဝင်ရောက်သွား

ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် 
ဂျာမနီ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည် ယာဉ်တန်းမှာ အိန္ဒိယ နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ အင်းလေးဒေသသို့ မတ်လ ၃ ရက်က လာရောက်သွားကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြားသား ခရီးသည် ၅၄ ဦး ပါဝင်သည့် မော်တော်ယာဉ် ၂၉ စီး ဝင်ရောက်လာခြင်း ဖြစ်သည်။ “ဂျာမနီ နိုင်ငံက ကမ္ဘာလှည့် ခရီးသည် မော်တော်ယာဉ်တန်းက ကလော-ညောင်ရွှေက တဆင့် အင်းလေးဒေသကို ဝင်ရောက်ခဲ့ပါတယ်။ သူတို့တွေက အင်းလေးဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတွေကို လေ့လာသွားကြပါတယ်” ဟု တောင်ကြီး ဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

ယင်းအဖွဲ့မှာ အိန္ဒိယ နယ်စပ် တမူးမြို့မှ ကလေး-မုံရွာ-ပခုက္ကူ-ပုဂံ-မန္တလေး-ကလော-ညောင်ရွှေ လမ်းအတိုင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံမှ စတင်ထွက်လာကြသည့် ထိုယာဉ်တန်းမှာ ရုရှား၊ တူရကီ၊ အီရန်၊ ပါကစ္စတန်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများသို့ ဖြတ်ကျော် လည်ပတ်ခဲ့ပြီး ဖြစ်သည်။

၎င်းတို့၏ ထိုခရီးစဉ်ကို Journeys Nature and Cultural Exploration ခရီးသွားလုပ်ငန်းနှင့် ဂျာမနီ အခြေစိုက် The Sea Bridge Motorhome တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ၁.၉ သန်းကျော် ရှိခဲ့သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပ ခရီးသည် ၇၁,၈၇၁ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
RND: 5.3.2013
ရန်ကုန် (မဇ္ဈိမ)
 

0 comments:

Post a Comment