Pages

Wednesday, February 6, 2013

MPU ကတ်ဖြင့် ဈေးဝယ် နိုင်သည့် POS စက်များ လိုင်း ပြဿနာ တက်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၆

MPU ကတ်ဖြင့် ဈေးဝယ် ရာတွင် အသုံး ပြုသည့် POS စက် များသည် ဖုန်းလိုင်း ပြဿနာ ကြောင့် စက်တွင် အမှား ပြကာ ယင်းကတ်နှင့် ငွေရှင်း မရခြင်း ဖြစ်ကြောင်း မြန်မာ့ ငွေပေးချေမှု ကော်မတီ (MPU) အတွင်းရေးမှူး ဦးရဲမင်း ဦးက The Voice Weekly သို့ ပြောကြားသည်။ POS စက်ကို အသုံးပြု၍ ကတ်ကို ဖတ်ရာတွင် ယင်းစက်မှ တဆင့် MPU Data Centre သို့ အချက်အလက် ပေးပို့ပြီး ယင်းမှ တဆင့် သက်ဆိုင်ရာ ဘဏ်သို့ ချိတ်ဆက်ခြင်း ဖြစ်ပြီး ယင်းဘဏ်မှ တဆင့် MPU Data Centre သို့ အချက်အလက် ပြန်ပို့ ပေးခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ချိတ်ဆက် ရာတွင် ဖုန်းလိုင်း ကျခြင်း၊ ပြတ်တောက်ခြင်း ကြောင့် စက်အမှား (Error) တက်ခြင်း ဖြစ်ကြောင့် ၄င်းက ရှင်းပြသည်။

"ဒီစက် (POS) က Data တွေက ဖုန်းလိုင်းက တဆင့် သွားတာ ဆိုတော့ လိုင်းပြတ်တာ၊ လိုင်းကျတာ ရှိတယ်။ အဲ့ဒါ တွေကို မြန်မာ့ ဆက်သွယ်ရေး နဲ့ ညှိနှိုင်း နေပါတယ်" ဟု ဦးရဲမင်းဦးက ဆိုသည်။

POS စက် အသုံးပြုလျက် ရှိသည့် Asia Light ဈေးဝယ် စင်တာ တွင်မူ ငါးထောင်တန်၊ တစ်သောင်းတန် စသည့် ကိုယ်ပိုင် Asia Light Kit ကတ်များ ထုတ်ကာ အသုံးပြုခြင်း ဖြစ်ကာ ယင်းကတ် တန်ဖိုး အတိုင်း တစ်ခါသုံး ဖြစ်သောကြောင့် ကတ်ပြဿနာ တက်ခြင်း မရှိကြောင်း ယင်း ဈေးဝယ် စင်တာ၏ IT ဌာန မှ တာဝန် ရှိသူက ပြောကြား သည်။
"ဟိုနေ့က ဈေးသွား ဝယ်တော့ ပိုက်ဆံ ပါပေမယ့် MPU ကတ်နဲ့ ငွေရှင်း လိုက်တယ်။ ငါးမိနစ်၊ ဆယ်မိနစ် လောက် ကြာတဲ့ အထိ စက်က လုံးဝ မဖတ်ဘူး။ နောက် Error (အမှား) တက်ပြီး ပိုက်ဆံနဲ့ပဲ ရှင်းလိုက် ရတယ်" ဟု ပန်းဆိုးတန်း လမ်းရှိ Kyaw Home Mart တွင် MPU ကတ်နှင့် ဈေးဝယ်သူ တစ်ဦးက ဆိုသည်။

ယင်း POS စက် များတွင် တရုတ် ငွေပေး ချေကတ် (CUP) ကို မတ်လ ကုန်တွင် လည်းကောင်း၊ ဂျပန် အကြွေးဝယ် ကတ် (JCB)၊ ဗီဇာကတ် နှင့် မာစတာကတ် တို့ကို ၂၀၁၃ ခုနှစ် နှစ်လယ် ပိုင်းတွင် လည်းကောင်း သုံးစွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။ 
လတ်တလောတွင် POS စနစ်သုံး စက်များကို ဟိုတယ်၊ စားသောက်ဆိုင်၊ ဓါတ်ဆီ ဆိုင်၊ အီလက် ထရောနစ် ဆိုင်၊ နာရီဆိုင်၊ ကျောက်မျက် ရတနာဆိုင်၊ ဆေးရုံ ဆေးခန်း၊ ကွန်ပျူတာ အရောင်းဆိုင် တို့နှင့် နာမည်ကြီး MK ဖက်ရှင် ဆိုင်များ၊ Asia Light ဈေးဝယ် စင်တာ များတွင် အသုံး ပြုလျက် ရှိသည်။
 
The Voice Daily

0 comments:

Post a Comment