Pages

Wednesday, February 6, 2013

မြန်မာ့ လျှပ်စစ်မီး၊ ဖုန်းနှင့် ဘဏ်လုပ်ငန်း ကမ္ဘာ့ဘဏ်ကူညီမည်

၂၀၁၃ ဖေဖော်ဝါရီလ ၆ ရက်

မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ လျှပ်စစ်မီးရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင်လုပ်ဆောင်ဖို့ ကမ္ဘာ့ဘဏ်က သဘောတူလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဋ္ဌ Axel van Trotsenburg နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) အမှုဆောင်အရာရှိချုပ် Jin-Yong Cai တို့ ပါဝင်တဲ့ အဆင့်မြင့်
ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ပြီး သဘောတူညီခဲ့တာလို့ ကမ္ဘာဘဏ်ရဲ့ ဇန်န၀ါရီ ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့အောက်ပဲ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သေးတဲ့ အကြောင်းနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအိုနိုင်ငံမှာ ပြည်သူ ၈၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှာ ၉၇ ရာခိုင်နှုန်း လျှပ်စစ်မီး သုံးနိုင်တယ်လို့လည်း ဆိုပါတယ်။

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အိုင်အက်ဖ်စီရဲ့ အမှုဆောင်အရာရှိချုပ် ဂျင်ယွန်စိုင်က လူ ၄ ဦးမှာ ၁ ဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် အစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောကြားသွားပါတယ်။

မိုဘိုင်းဖုန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားရရှိမှုတွေကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး လူတွေကို ဈေးကွက်နဲ့ ချိတ်ဆက်ပေးနိုင်မယ်၊ ကုန်စည်နဲ့ ၀န်ဆောင်မှု ချောမွေ့စေဖို့ ပံ့ပိုးပေးနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပုဂ္ဂလိကနဲ့ လူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာပြည်သူတွေရဲ့ဘ၀တွေ တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာတော့ မြန်မာကို အမေရိကန် ဒေါ်လာ ၁၆၅ သန်း အတိုးမဲ့ ချေးမှာဖြစ်ပြီး သန်း၈၀ ကို ကျောင်း၊ ဆေးပေးခန်း၊ လမ်းတံတားနဲ့ ရေရရှိရေး စတဲ့ ရပ်ရွာတွေက ဦးစီးဆောင်ရွက်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) ကလည်း ဒေါ်လာ ၂ သန်း ရင်းနှီးမြှုပ်နှံထားပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အထိ အမျိုးသမီးတွေ ဦးစီးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေမှာ မြန်မာပြည်သူ ၂ သိန်း ကျော် အတွက် အသေးစားချေးငွေတွေ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

အလားတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ကလည်း ဇန်န၀ါရီ လ ၃၁ ရက်နေ့က
မန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် ဘဏ္ဍာရေးမူဝါဒတွေ ချမှတ်မှုနဲ့ ပတ်သက်ပြီး အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။

DVB TV News

0 comments:

Post a Comment