Pages

Monday, February 25, 2013

ရေခဲတောင် မှ ရှင်သန်ကျော်ဖြတ်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်း၊ ဆီးနှင်းများ အမြဲနီးပါး ဖုံးလွှမ်းနေလေ့ရှိသော မဒွယ်တောင်ထိပ်ဖျား နတ်ရေကန်တွင် မတော်တဆဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုဆီမှ ရှင်သန်လွတ်မြောက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၂-နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အဖြစ်အပျက်ကို ပြန်တွေးကြည့်မိတိုင်းလည်း မနေ့တနေ့ကလို အတွေးအာရုံထဲ ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိ နေပါသေးသည်။  

မဒွယ်တောင်သည် အမြင့်ပေ ၁၅၀၀၀ ကျော်မြင့်မားလှပေရာ လူသားတို့အတွက် အသက်ရှူရန်ပင် လွန်စွာပင်ပန်းလှပေသည်။ ထို့အပြင် ဆီးနှင်းဒဏ်နှင့် ရေခဲမှတ်အောက် ရောက်ရှိနေသော အအေးဒဏ်များကလည်း နေ့ဝက်မျှပင် အသက်ရှင်ရန် ခက်ခဲသော အခြေအနေကို ဖန်တီးထားသကဲ့သို့ ရှိနေပါသည်။ 

ထိုသို့သော အခက်အခဲနှင့် သဘာဝ အတားအဆီးများကို လေးရက်တိုင်တိုင် အစားအသောက်နှင့် အနွေးအကာမရှိ ဖြတ်ကျော်လွှား နိုင်ခဲ့သည်ကိုလည်း ပြန်တွေးမိတိုင်း ၀မ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်ရပါသည်။ ဤကဲ့သို့ အသက်အန္တရာယ်ကို ကျော်လွှားလွတ်မြောက်နိုင်ခဲ့သည့် အဓိကအစိတ်အပိုင်းမှာ စိတ်ဓါတ်နှင့် စည်းလုံးမှုပင် ဖြစ်ပါသည်။ 

အဖိုးမှစ၍ ကျေးဇူးရှင် ဖခင် ဦးမြင့်ဆွေ၊ သူရဲကောင်းမှတ်တမ်းဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)၊  နိုင်ငံဂုဏ်ရည် (ပထမအဆင့်) ထံမှ သွန်သင်ကြားနာခဲ့ရသည့် အရာရာတိုင်းကို မဆုတ်မနစ် ရဲဝံ့စွာ ကြိုးစားတတ်သော စိတ်ဓါတ်တို့က သေမင်းကို အံတုကာ သေမင်းခံတွင်းဝမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည် ဆိုရပါမည်။

မိမိနှင့်အတူ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အတူတကွ အားလုံးအနစ်နာခံ ကြိုးစားစွမ်းဆောင်ခဲ့ကြသူ သူရဲကောင်းငါးဦးကိုလည်း ယခုကဲ့သို့ ရေခဲတောင်မှ ရှင်သန်လွတ်မြောက်ခြင်း နှစ်နှစ်ပြည့် အချိန်တွင် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်မိပါကြောင်းနှင့် စိုးရိမ်တကြီး ၀ိုင်းဝန်းကယ်ဆယ် ကူညီပေးကြသော သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဒေသခံ ပြည်သူပြည်သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။

RND: 25.2.2013
ဦးတေဇ

0 comments:

Post a Comment