Pages

Monday, October 1, 2012

၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံ့ခေါင်းဆောင်အချို့၏ လှုပ်ခတ်စေခဲ့သော မှတ်ချက်စကားများ

(အမေရိကန်သမ္မတ ဘာရက်အိုဘားမား)
 
''အီရန်သာ နျူကလီးယားလက်နက်ပိုင်သွားရင် အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားနိုင်တဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်ရလိမ့်မယ်။ ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်လိမ့်မယ်။ ... ဒါကြောင့် အီရန်နျူကလီးယား လက်နက်မရအောင် ဟန့်တားဖို့
အမေရိကန်ပြည်ထောင်စုက လုပ်သင့်တာကို လုပ်သွားမယ်'' ... ''ကိုယ့်ပြည်သူတွေကို အစုလိုက်သတ်နေတဲ့ အာဏာရှင်အတွက် အနာဂတ်ဆိုတာ မရှိသင့်တော့ဘူး။ ... ဆီးရီးယားပြည်သူတွေ ခံစားနေရတာ ချုပ်ငြိမ်း သွားဖို့ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရဟာ နိဂုံးချုပ်သင့်ပါပြီ'' ... ''ဘင်ဂါဇီမှာရှိတဲ့ အမေရိကန်ပြည်သူတွေကို တိုက်ခိုက်မှုဟာ အမေရိကန်ကို တိုက်ခိုက်တာပါပဲ။ 
 
အဲဒီ လူသတ်သမားတွေကို တရားခွင် တင်နိုင်အောင် လုပ်ဆောင်သွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး'' ''အမေရိကန်မှာ စော်ကားတဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတာ မရေတွက်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ အမေရိကန်ပြည်သူအများစုဟာ ခရစ်ယာန်တွေပါ။ 
 
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအပေါ် ကန့်ကွက်ရှုတ်ချတာတွေကိုတော့ အခုထိ ပိတ်ပင်ထားတာ မရှိပါဘူး။ ပြီးတော့ နိုင်ငံ့ခေါင်းဆောင်၊ စစ်သေနာပတိချုပ်တစ်ဦးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်း စော်ကား ပြောဆိုမှုတွေ ခံရတာပါပဲ။ 
 
ဒါပေမဲ့ အဲဒီလိုမပြောဆို ရဘူးဆိုပြီး သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ... ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေအတွက် ဆင်ခြေတွေပေးစရာ မလိုဘူး။ သံရုံးတစ်ခုကို တိုက်ခိုက်ရလောက်တဲ့အထိ အကြောင်းပြချက် ခိုင်လုံတဲ့ ဗီဒီယိုဆိုတာ မရှိသေးပါဘူး''
.................................................................................................................................................................

(အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု)

'နျူကလီးယားလက်နက်ပိုင်တဲ့ အီရန်ရှိနေတဲ့ ကမ္ဘာကြီးဟာ ဘာနဲ့တူသလဲဆိုတာ နားလည်အောင်ပြောရရင် နျူကလီးယားလက်နက်ပိုင်သွားတဲ့ အယ်လ်ကေးဒါးတွေကို စိတ်ကူးကြည့်လိုက်ပါ။ ကမ္ဘာအတွက် အန္တရာယ်အကြီးဆုံး အကြမ်းဖက် အစိုးရနဲ့ အန္တရာယ်အကြီးဆုံး အကြမ်းဖက်အဖွဲ့ ဆိုပြီးတော့သာ နည်းနည်းလေးပဲ ကွဲလွဲတာပါ'' ... 
 
''အခု ကျွန်တော်ပြောနေတာ ကျွန်တော့်နိုင်ငံ့ အနာဂတ်တစ်ခုတည်းအတွက် မဟုတ်ဘူး။ ကမ္ဘာကြီးရဲ့ အနာဂတ်အတွက်ပါ'' ... ''လာမယ့် အနာဂတ်မှာ အီရန် နျူကလီးယား လက်နက် မရအောင် ငြိမ်းချမ်းစွာနဲ့ တားဆီးဖို့က အီရန်နျူကလီးယားလက်နက် စီမံကိန်းအတွက် ရှင်းလင်းတိကျတဲ့ စည်းတစ်ခု သတ်မှတ်ပေးဖို့ပဲ။ အဲဒီစည်းသာ ရှိရင် စစ်ဖြစ်စရာ မလိုသလို စစ်ကို တားဆီးပြီးသား ဖြစ်သွားမယ်'' ..
 
. ''အခုချိန်မှာ အီရန်ဟာ နျူကလီးယားလက်နက် ဘယ်တော့ပိုင်မလဲဆိုတဲ့ မေးခွန်းထုတ်ရမယ့်အချိန် မဟုတ်တော့ဘူး။ အီရန် နျူကလီးယား လက်နက် မရအောင် ဘယ်အဆင့်ကိုတားလို့ မရတော့ဘူးဆိုတဲ့မေးခွန်းပဲ ... အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှု အခုနှုန်းအတိုင်းဆိုရင် လာမယ့်နွေဦး၊ ဒါမှမဟုတ် နွေရာသီလောက်မှာ ယူရေနီယမ်သန့်စင်မှု အလယ်အဆင့် ရောက်သွားလောက်ပြီ ... 
 
ဒါကြောင့် ပထမဆုံး နျူဗုံးမထုတ်နိုင်အောင် ဟန့်တားဖို့ လအနည်းငယ်လောက်ပဲ အချိန် ရတော့တယ်'' ... ''ပါလက်စတိုင်းနဲ့ ပဋိပက္ခကို ကုလသမဂ္ဂမှာ နာမည်ပျက်စေတဲ့မိန့်ခွန်းတွေ ပြောနေရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တစ်ဖက်သတ် နိုင်ငံကြေညာရုံနဲ့လည်း မပြေလည်နိုင်ဘူး။ ဆွေးနွေးပွဲလုပ်ရမယ်။ စေ့စပ် ညှိနှိုင်းရမယ်။ သဘောတူညီချက်ရအောင် လုပ်ရမယ်''
.................................................................................................................................................................  
 
(ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘားစ်)

ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးဆိုတဲ့ တစ်ကြောင်းတည်းအတွက်သာ ကြိုးပမ်းလုပ်ဆောင်နေတယ်ဆိုတာ ကမ္ဘာမှာရှိတဲ့ နိုင်ငံအများအပြားက ထောက်ခံ အားပေးကြတယ်လို့ ယုံကြည်ပါတယ်။ 
 
...ပြီးခဲ့တဲ့နှစ် တွေအတွင်း ဖြစ်ပျက်ပြောင်းလဲခဲ့တာတွေက ကျွန်တော်တို့နိုင်ငံမှာ အစ္စရေး လူမျိုးကြီးဝါဒီတွေက ကျူးကျော်နေထိုင်နေတယ်ဆိုတဲ့ အန္တရာယ်ကို သတိပြုမိစေခဲ့ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် နှစ်နိုင်ငံယှဉ်တွဲနေထိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပါတယ်...''
................................................................................................................................................................. 

(အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်)

''ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နျူကလီးယား လက်နက်တွေ၊ ဖျက်အားပြင်းလက်နက်တွေနဲ့ ခြိမ်းခြောက်မှုတွေ၊ လက်နက်ပြိုင်ဆိုင်မှုတွေဟာ  ပျံ့နှံ့လာနေပါတယ်။ ... 
 
မယဉ်ကျေးတဲ့ ဇီယွန်ဝါဒီတွေက ကျွန်တော်တို့ရဲ့ နိုင်ငံကို စစ်ရေးနဲ့အရေးယူမယ် လို့ ခြိမ်းခြောက်မှုတွေ ဆက်ပြီးလုပ်နေတာဟာ ရှင်းလင်းပြီး ခံရခက်တဲ့ဥပမာတစ်ခုပါ ... 
 
သြဇာ အာဏာသုံးပြီး အသုံးမ၀င်တဲ့ ထုတ်ပြန်ချက်တွေ ဖန်တီးတာ၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ထိန်းချုပ်တာတွေဟာ သမိုင်းမှာ အကြီးမားဆုံး မ တရားလုပ်မှုပါပဲ''
 .................................................................................................................................................................

(ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ)

''ဆင်ကာကူကျွန်းစုနဲ့ ပတ်သက်ပြီး ပြောရလို့ရှိရင် ဒီကျွန်းစုတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ သမိုင်းကြောင်းအရပါ ဂျပန်နဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းပါ။
 
 ... ဒါကြောင့် ပိုင်နက်အငြင်းပွားမှု ပြဿနာမရှိဘူးဆိုတာ အရှင်းကြီးပါ။ ဒါကြောင့် မူလ အခြေပျက်သွားစေနိုင်တဲ့ ဘယ်လိုညှိနှိုင်းမှုကိုမဆို လုပ်သွားမှာ မဟုတ်ပါဘူး။ 
 
ဒါကို ရှင်းရှင်းလင်းလင်း ပြောတာပါ''
 .................................................................................................................................................................

(တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ)

'ဒိုင်အိုယုကျွန်းစုနဲ့ပတ်သက်ပြီး ဂျပန်ရဲ့ တစ်ဖက်သတ် လုပ်ဆောင်မှုတွေကို တရုတ်က သည်းခံသွားမှာ မဟုတ်ဘူး။ ... ဂျပန်ကို အလေးအနက် တောင်းဆိုချင်တာက တရုတ် အချုပ်အခြာပိုင်နက်ကို ချိုးဖောက်တဲ့ လုပ်ရပ်အားလုံး ချက်ချင်း ရပ်တန့်ဖို့ပါပဲ။
 
ပြီးတော့ အငြင်းပွား ကျွန်းစုပြဿနာအတွက် စေ့စပ်ဆွေးနွေးမှု ဆက်လုပ်ဖို့ပါ။ ... ဒိုင်အိုယု ကျွန်းစု ကို ဂျပန်က ခိုးခဲ့တယ်ဆိုတဲ့ သမိုင်းကို ပြင်လို့မရတော့ဘူး''
EMG Media:

0 comments:

Post a Comment