Pages

Sunday, September 23, 2012

ABSDF- ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၂)



အပိုင်း (၃)

ကျနော်အဖမ်းခံရတာကလည်း ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာ။အဲဒီနေ့က နေ့လည် ၁၁နာရီ
လောက်မှာ ကျနော်တို့ Strike လုပ်ကြတယ်၊ အဲဒီနေ့ကလည်း မိုးတွေ ရွာနေတယ်။ ကျနော်တို့တရားဟော
တယ်၊ တရားဟောပြီးတော့ ပြန်အဆင်းပြီးမှ ညနေ  ၃နာရီခွဲ ၄နာရီလောက်မှာ ကျနော်တို့ရဲ့ ဗကသ တိုင်း
ရုံးရှိတဲ့ မောင်ထော်လေးလမ်းက ဂေါ်စတာကို ပြန်လာကြတာ။  အပြန်လမ်းမှာ ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်
ဝင်ပြီး လက်ဖက်ရည်ဝင်သောက်ကြတယ်။ အဲဒီ့အချိန်မှာ ကျနော်တို့ကို ၀င်ဖမ်းသွားတာ။

ဖမ်းပြီးတော့ ကျနော်တို့ကို ပန်းပဲတန်းရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကနေ ကျနော်တို့  အင်းစိန်ကို ပါသွား
တယ်။ အဲဒီလို အဖမ်းခံရပြီးသိပ် မကြဘူးဗျာ၊ ဇူလိုင်မှာ ပြန်လွတ်လာတယ်။ အထဲမှာ ၁၄ ရက် နေရပြီး ပြန်
လွတ်လာတာ။

အဲဒီမှာ လူက ဘာဖြစ်သွားလဲဆိုတော့ အသက်ကလည်း ငယ်ပေမဲ့ အထက်တန်းကျောင်းသား၊လှုပ်ရှားမှု
တွေမှာ ပါနေတော့  စာရင်းပေါက်သွားတယ်။ စာရင်းပေါက်နေတောလှုပ်ရှားလို့လည်း မကောင်းတော့ဘူး
။ အဲဒီမှာ စမ်းချောင်းက သူငယ်ချင်း ချိုကြီးနဲ့ ကျနော်နဲ့ နေရာလဲဖို့ဖြစ်သွားတယ်။တကယ်တော့ ချိုကြီးက
တောထဲသွားဖို့ပေါ့၊ ကျနော်ကတော့ ကျောင်းတက်ရင်း မြို့ပေါ်မှာ လှုပ်ရှားမယ်ဆိုပြီး စီစဉ်ထားကြတယ်။
ခုတော့ ကျနော်က လှုပ်ရှားရတာ ကြပ်သွားတော့  ချိုကြီးနဲ့ နေရာလဲပြီးတော့ ကျနော်က တောထဲကို
ရောက်သွားခဲ့တာ။

အဲဒီလို တောထဲစပြီး သွားတဲ့အချိန်မှာ ကျနော့်ဆီမှာ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်တာတို့ AB တို့
ဘာတို့ မရှိဘူးဗျ။ ကျနော့် စိတ်ထဲမှာ ရှိတာက မတရားမှုကို တော်လှန်ချင်တယ်ဗျာ။ပြီးတော့ ထောင်ထဲ
မှာ ရှိနေတဲ့ ကျနော့်သူငယ်ချင်းတွေကို ကျနော် ပြန်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ပဲ ရှိခဲ့တာ။ထောင်ထဲကနေ
ထွက်လာတော့တကယ်ကို မျက်ရည်ကျခဲ့တာကိုး။ ထောင်ထဲမှာလည်း အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေ
လည်း ကျန်ခဲ့တယ်။

တကယ်တော့ ထောင်ထဲက ထွက်လိုက်တော့ ကျနော်ပိုဆိုးသွားတယ်။ ပိုဆိုးသွားတယ်ဆိုတာက ဘယ်လို
ပြောရမလဲဗျာ၊စောစောတုန်းက ကျနော်က စိတ်နာတာ ပဲရှိတယ်။ ထောင်ထဲရောက်သွားပြီးတဲ့အခါ ပိုနာ
လာတယ်။ဘယ်လိုခေါ်မလဲ စိတ်ထဲမှာတော်တော်လေးကို နာသွားတာ ကိုယ့်သူငယ်ချင်းတွေကလည်း
ထောင်ထဲမှာကိုး။

အဲဒီတုန်းက မှတ်မှတ်ရရ ဗိုလ်မှူးဝေလှိုင်၊ အန်အယ်ဒီက ၊နောက် ကိုအောင်ဇံအေးတို့ ပြီးတော့ အရေးအ
ခင်းတုန်းက ဗိုလ်ကြီး စည်သူ ဆိုပြီးတော့မှ ဖြစ်တဲ့ အဖွဲ့ရှိသေးတယ်။ သူတို့အဖွဲ့က မဂိုလမ်းထိပ်မှာ ဒေါ်
အောင်ဆန်းစုကြည် အကြောင်းကို စာရွက်တွေနဲ့ လိုက်ပြီး ဖြန့်ပေးတာ အဲဒါက ဗိုလ်ကြီးစည်သူပေါ့။ သူက ၂၉ လမ်းနဲ့ မဂိုလမ်းမှာ ရှိနေတဲ့ အဖွဲ့တွေက ဖမ်းလိုက်တာပြီးတော့ ၈၈ ပြီးချိန်မှာ ဗိုလ်ကြီးစည်သူတို့အ
ဖွဲ့ကို တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြန်စွဲချက်တင်တာ။

ထောင်ထဲမှာ ကျနော်နဲ့အတူတူနေခဲ့တာက ဗိုလ်မှူးဝေလှိုင်နေခဲ့ရတယ်၊ နောက်အင်းစိန်က အန်အယ်ဒီ စည်းရုံးရေးမှူးလားမသိဘူး နောက် ခွန်စံနေခဲ့ရတယ်နောက် အကသက  ကိုဝဏ နေခဲ့ရတယ်။ ပြန်ထွက်
လာတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ နေလို့မရတော့ဘူး၊ နေမရဘူးဆိုတာက လူငယ်လည်း လူငယ်ဖြစ်
တယ်။ ခံစားမှုကလည်း အရမ်းမြင့်တယ်၊ ခံစားတယ်။ ငါ့သူငယ်ချင်းတွေကျန်တယ်.အဲလိုဆိုတော့ ပြန်ထွက်
လာရပေမဲ့ စိတ်ပျက်တာတွေချည်း ခံစားရတယ်။နောက် အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေမှာ ကွဲ
တာလေးတွေ ရှိနေတယ် ထုံးစံအတိုင်းပေါ့နော်။

 ပြီးတော့အဲဒီမှာကျနော်ခံစားရတာက ကျနော့်ကို လက်မှတ်ထိုးပြီး ထွက်လာတယ်လို့စွပ်စွဲကြတာ ရှိတယ်
။ နောက် ထောက်လှမ်းရေး ပုံသဏ္ဍဖြစ်တယ်လို့ ပြောတာ ရှိတယ်။ထောက်လှမ်းရေးဖြစ်သွားတယ်၊အင်
ဖော်မာဖြစ်သွားတယ်လို့ ကျနော့်ကို ပြောကြတာတွေ စွပ်စွဲကြတာတွေ ရှိတယ်။

အဲဒီလို ပြောခံရတော့ ကျနော့်အနေနဲ့ အဲဒီ ကျနော်ရဲ့ Nature လေးကို နည်းနည်းလေး ပြောပြချင်တယ်။
အဲဒါက ဖြစ်မှာပဲ ဘာဖြစ်လို့လဲဆိုတော့အဲဒီအချိန်တုန်းက ထောက်လှမ်းရေး ၇ က တပ်ကြပ်ကြီး စန်းကြွယ်
ဆိုတာ ရှိတယ်။

အဲဒီတုန်းက ကျနော်တို့ စမ်းချောင်းမြို့နယ်ကိုကိုင်တာ။သူကကျနော်တို့တွေကို ဘာလာပြောလဲဆိုတော့
ဘယ်အစိုးရ တက်တက်၊ ငါတို့ အစိုးရပဲ၊ ငါတို့ဟာ မင်းတို့နဲ့ အတူတူ ရှိတယ်။ ..ပေါ့၊ သိတယ်မဟုတ်လား
…။ အဲဒီလိုမျိုး စကားတွေနဲ့ ပုံဆန်တွေ လာလာ လာလာ ပြောတာရှိတယ်။

လာလာ ပြောတာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း သူတို့လာပြောတာကို မပြောနဲ့လို့ ပြောဖို့
ခက်တယ်။ ခင်ဗျား ကျနော်နဲ့ လာမပြောနဲ့လို့ ပြောဖို့ခက်တယ်လေ၊ အရမ်း ရိုင်းရာ ကျသွားလိမ့်မယ်လို့ ကျနော် စဉ်းစားခဲ့တယ်။ နောက် သူက ကျနော်တို့အဖွဲ့တွေ လက်ဖက်ရည်သောက်တဲ့အချိန်မျိုးတွေမှာ လာလာ ရှင်းသွားတယ်။

လက်ဖက်ရည်ဖိုးတွေ ရှင်းရှင်းသွားတာ ကျနော်က မသိရဘူး။ မသိရဘူးဆိုတာက လက်ဖက်ရည်ဖိုး ရှင်းမယ်
ဆိုတဲ့ အချိန်ရောက်တော့မှ ရှင်းပြီးသွားပြီ။ ဘယ်သူ ရှင်းသလဲ ဆိုမှ အဲဒီထောက်လှမ်းရေးက ရှင်းသွားတာ
။အဲဒီ ပုံသဏ္ဍန်ပေါ့။ ဒါက ကျနော် ထောင်ထဲ မကျခင်မှာက ဖြစ်ခဲ့တဲ့ ပုံသဏ္ဍန်ပေါ့။

တကယ်တော့ ကျနော်ထောင်မကျခင်မှာကတည်းကကျနော်တို့ကအိမ်တွေမှာ မနေကြတော့ဘူး။ နေလို့
လည်းမရတော့ဘူးပေါ့။ဒါကတော့ နိုင်ငံရေးလုပ်တဲ့ ကျောင်သားတိုင်းက အိမ်တွေမှာ မနေကြတော့တာ
များတယ်။ ဘယ်တွေမှာ နေကြလဲ ဆိုတော့ ပါတီတွေမှာ နိုင်ငံရေးလုပ်တဲ သူငယ်ချင်းတွေရဲ့ အခန်းတွေမှာ
လျှောက်နေကြတာများတယ်။ ကျနော်သွားနေတဲ့ပါတီက ဗမာ့မျိုးချစ် လူငယ်များအစည်းအရုံး။ဒါရိုက်တာ
 ချိုတူးဇော်ရဲ့ အိမ်။ ဟီးဟီး…သူ့အိမ် သူ့အိမ်၊ သူ့အိမ်မှာ ကျနော်တို့အဖွဲ့က အဲဒီမှာ သွားနေတယ်။

ကျနော်က အဲဒီမှာ ပုံမှန်နေတာများတယ်။နေတာများတယ်ဆိုတာက ညအိပ်တယ်ပေါ့ဗျာ။ ထမင်းကတော့ သိတဲ့အတိုင်း တွေ့ရာနေရာမှာ ဖြစ်သလို စားတယ်ပေါ့ဗျာ။ အစားအသောက်လည်း ဂရုမစိုက်မိကြပါဘူး။ အဲလို နေကြတယ်ပေါ့။

အဲဒီမှာ ထောက်လှမ်းရေးက အဲဒီထိ လာပြီးတော့ ထိတွေ့ဆက်ဆံတာတွေ ရှိတယ်။ အဲလို ထိတွေ့ဆက်ဆံ
တယ်ဆိုတာ ကျနော်တယောက်တည်းကိုပဲ ထိတွေ့ဆက်ဆံတာမဟုတ်ဘူး။ အားလုးကို ထိတွေ့ဆက်ဆံ
တယ် အဲဒီပုံစံအတိုင်းပဲ။ လူတိုင်းကို သူတို့က အဲဒီပုံစံနဲ့ထိတွေ့ဆက်ဆံပြီး လုပ်နေတာပဲကျနော် ဆိုလိုချင်
တာလေ။

အဲဒါကို ကျနော်တို့ ချင်းလည်း ပြောနေကြတာပဲ ။ ပြောနေကြတာပဲဆိုတာကလည်း ဟာ ဒီကောင်ကတော့ အင်ဖော်မာဖြစ်မလား မသိဘူးဆိုတာမျိုး ပြောနေကြတာပဲ။

ဥပမာ အဖမ်းခံရခါနီးတယောက်ဆိုရင် ပြောလိုက်တယ်ဗျာ သူ့ကို သတိထားခိုင်းလိုက်ဦး ငါတို့ ဒီမှာစောင်
့ကြည့်နေတယ်ပေါ့။ ကျနော်ကနေ နောက်တယောက်ကို ပြောလိုက်တယ်ပေါ့ နောက် ကျနော်နဲ့တိုက်ရိုက်
မသိဘူးဆိုရင်လည်း ကျနော်တို့က နောက်တယောက်ကို ပြောခိုင်းလိုက်တယ်။ အဲလို ပြောလိုက်တဲ့အချိန်
မှာ ဒီလူက အဖမ်းခံရသွားပြီဆိုရင်တော့ ဟာ ဒီသတင်း source က ဘယ်ကရလဲ့ နောက်ဆုံးက ကျနော့်ဆီ
ကပေါ့ အဲလို ဖြစ်ကုန်တာ။ အမှန်က ကျနော်ကလည်း ကျနော့်သူငယ်ချင်းမို့ဖြစ်စေ စိတ်ပူပြီး ပြောလိုက်မိ
တာပဲ။

အမှန်တော့ သူတို့က အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ကျနော်တို့အားလုံးကလည်း သူတို့ကစာ;တဲ့ အကွက်ထဲကို တောက်လျှောက်ကျနေခဲ့တာ။

နောက် ကျနော်တို့ကို သူတို့က စိတ်ကောင်းစေတနာနဲ့ အလှူငွေထည့်ချင်တယ် ဆိုတာမျိုးတွေလည်း ရှိ
တာကိုး။ တခါတလေမှာ ကျနော်တို့မှာ  သူတို့ ထည့်တဲ့ အလှူငွေကို ယူခဲ့တယ် အဲဒီတုန်းက အဲလိုမှ မယူ
ရင်လည်း တကယ်ကို ဘာမှကို လုပ်လို့မရတော့လို့ ။ ကိုယ့်ဆီမှာ ပိုက်ဆံရှိရင်တော့ မယူဘူးပေါ့၊ ဟာမ
လိုဘူးကိစ္စ မရှိဘူးပေါ့…။

အဲဒီတုန်းက ကျနော်တို့ ထုတ်တဲ့ ကဗျာစာအုပ်လေးတွေ ရှိတယ် သွေးမော်ကွန်းတို့ ဘာတို့ပေါ့၊ အဲဒီက
ဗျာ စာအုပ်တွေ ဘာတွေဆိုရင်လည်း သူတို့က ၀ယ်ပေးတယ်ပေါ့ဗျာ။ ကျနော်တို့အနေနဲ့ သူတို့ကို သိသိ
ချည်းနဲ့ ရောင်းလိုက်ရတာမျိုးတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ ကဗျာ စာအုပ်တအုပ် ၂၅ ကျပ် ဆိုတာနည်း
နည်းနောနော ပိုက်ဆံ မဟုတ်ဘူး။ လက်ဖက်ရည်တခွက်တောင်မှ ငွေ ၁ကျပ် ခေတ်ဆိုတော့ ၂၅ ကျပ်ဆို
တာ တော်တော်များတယ်။ အဲဒီလိုလုပ်တာကလည်း ကျနော်တို့ စာရွက်တွေ ဝေချင်လို့ စာရွက်ဝေဖို့ ကျ
နော်တို့မှာပိုက်ဆံလိုတယ်။ အဲဒါတွေလည်း ရှိခဲ့တယ်ပေါ့။

နောက် ကျနော် ထောင်ထဲက ပြန်ထွက်လာတော့လည်း အဲဒီမှာပိုပြီး နည်းနည်းလေး ဆိုးသွားတာက နောက်
မှ ကျနော်ပြန်သိရတာက ဟုတ်၏ ..မဟုတ်၏ ကျနော် သေချာ မသိဘူးနော်။ ကျနော်နဲ့ အတူတူထောင်ကျ
တဲ့သူငယ်ချင်း တယောက်ရှိတယ် ငြိမ်းငြိမ်းဇင် ဆိုတာသူက ကျနော်နဲ့ အမှုတွဲပေါ့။သူ့အိမ်က လိုက်တယ်
ပြောတယ်။

သူ့အိမ်က အဲလို မိန်းကလေးလည်း မိန်းကလေး ဆိုတော့လေ၊ သူ့အိမ်က လိုက်တယ်ပေါ့။ အဲလို ပြောခံ
ရပြီး ကျနော်က ပြန်ထွက်လာရတယ်။ အခြား အကသ တွေက အထဲမှာ ရှိနေတယ်။ ကျနော်တို့ အမှုတွဲ ၃
ျယာက်က လွတ်လာတယ် ဒါပေမဲ့ ဘာဖြစ်လို့လွတ်လာသလဲ ဆိုတာ ကျနော်မသိဘူး၊ ငြိမ်းငြိမ်းအိမ်က လိုက်တယ် ဘာညာဆိုတာကလည်း ထောင်ထဲက လွတ်လာပြီးမှ သူများပြောသံကြားရတာပေါ့ ကျနော်တ
ကယ်မသိခဲ့တာပါ။


နောက် ကျနော် ထောင်ကနေ လွတ်လာတဲ့အတွက် အခြားသူတွေကတော့ မလွတ်ဘူး သူကတော့လွတ်
လာတယ်ပေါ့ အဲလိုလို အဖွဲ့တည်းမှာလည်း မေးစရာလေးတွေ မေးငေါ့တာလေးတွေ ရှိလာတာပေါ့။ အဲဒီ
မှာ ကျနော့်ကို တံဆိပ်ကပ်လိုက်ကြတယ်။ဒါပေမဲ့ ကျနော်မှာ ခံစားနေရတာ  ဆိုးတာက ကျနော်က ယူနီ
ဖောင်းမြင်ရင်ကို မခံစားနိုင်တော့ဘူးဖြစ်လာတာ။

 ပြေးထိုးပစ်လိုက်ချင်တာမျိုးတို့…အဲလို တခုခု လုပ်ပစ်လိုက်ချင်တာ ကျနော့်စိတ်ထဲမှာ။ ဘယ်လိုမှ နေမရ
ဘူးဗျာ။ ခံစားဖူးကြတဲ့ သူတွေ ရှိရင်တော့ သိလိမ့်မယ်။ ဘယ်လိုမှကို နေမရခဲ့တာ။ကသိကအောင့်လည်း အရမ်းဖြစ်တယ်။ စိတ်တိုတယ်။ အဲလို တအားဖြစ်တော့ နောက်ဆုံးကျတော့  ကျနော်သွားရမဲ့ လမ်းက ဒီ
တလမ်းပဲ ရှိတော့တယ်။

အဲဒီမှာ တကယ်တော့ကျနော်က တောင်ပိုင်းကိုသွားရမှာ၊ ဒါပေမဲ့ မြောက်ပိုင်းရောက်သွားတယ်။ တောထဲ
ကို ရောက်သွားတာကလည်း တကယ်တော့ နံပတ်တစ်က ဒီမတရားမှု တခုကို ဆန့်ကျင်တော်လှန်ချင်တဲ့ စိတ်ဓါတ်တခု၊ နံပတ် ၂က ထောင်ထဲမှာ ရှိတဲ့ ညီအကိုတွေကို ပြန်ပြီးတော့ ကယ်ချင်တဲ့စိတ်ပေါ့…ပြောရ
ရင်တော့ ကလေးအတွေးပေါ့။ ပြန်ကယ်ထုတ်ချင်တယ်ပေါ့နော်၊ အဲဒီစိတ်နဲ့ ကျနော်တောထဲကို ရောက်
သွားခဲ့တယ်။

အပိုင်း(၄)

ကျောင်းသား ရှိတဲ့ နေရာကို ကျောင်းသား ရောက်သွားခဲ့တာပဲ။ ABရယ် ဘာရယ့် ညာရယ် မရှိဘူး။ တော
ထဲမှာ ငါတို့ ကျောင်းသားတွေ ရှိတယ် ငါတို့ ကျောင်းသားရှိတဲ့ နေရာကို သွားမယ်ဆိုပြီး ရောက်သွားတာ
ပဲ။ တကယ်ကို တော်လှန်ချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲ ကျောင်းသားစိတ်ဓါတ်နဲ့ပဲ ရောက်သွားတာပဲ။

အဲဒီအချိန်တုန်းက ကျနော်နဲ့ အတူတူ ထွက်တဲ့ သူငယ်ချင်းက ငါတော့ မြောက်ပိုင်းကိုသွားမယ်တဲ့တောင်
ပိုင်းမှာက လူများတယ်တဲ့။ မြောက်ပိုင်းက လူပိုလိုလိမ့်မယ်တဲ့…အဲဒါနဲ့ မြောက်ပိုင်းကိုသွားကြတာ။ ကျ
နော့်သူငယ်ချင်းနဲ့အတူ မြောက်ပိုင်းလိုက်ချသွားတာ။ ကျနော်တို့ ရန်ကုန်က အဖွဲ့ပေါ့ ကိုရဲလင်းတို့က
လည်းမြောက်ပိုင်းသွားမယ်ပေါ့နော်။ မြောက်ပိုင်းကို ကမ့်ထဲရောက်တဲ့ အထိ ကားနဲ့ပဲ သွားကြတာ။ ကျ
နော်တို့က လျှာရှည်ပြီး လမ်းလျှောက်တာပေါ့လေ။လမ်းကလည်း နည်းနည်းပဲ လျှောက်ရပါတယ်။နောက်
ကားနဲ့ ခေါ်တော့ ကားနဲ့ရောက်သွားတာ။အဲဒီမှာ ဘာဆက်ဖြစ်လဲ ဆိုတော့…။

၇.၈.၁၉၈၉ မှာ ကျနော် မြောက်ပိုင်းက ပါဂျောင်စခန်းကို ကျနော်ရောက်သွားကြတယ်။ ကိုမျိုးဝင်းရဲ့ တဲထဲ
မှာ ကျနော်တို့စတည်းကြတယ်။

၈.၈.၈၉ မှာ အဲဒီစခန်းမှာ ကျဗန်းစကားပြောရှိတယ်။ ၈ လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပေါ့နော်။ ကျနော်လည်း ၀င်ပြိုင်တယ်ပေါ့၊ အဲဒီနေ့က ကျနော် ကျခဲ့တဲ့ ခေါင်းစဉ်ကို ကျနော် ခုထိ မှတ်မိသေးတယ်။

“ကျနော်သာ ဥက္ကဌ ဖြစ်ခဲ့သော်“ တဲ့...အဲဒါပဲ။

ကျနော်က အဲဒီမှာ ပြောတယ်၊ အဲဒီမှာလည်း ကျနော်က ဆုရတယ်ပေါ့လေ၊ ပထမဆုပေါ့။ဒါတွေကတော့
ထားလိုက်ပါတော့ဗျာ။ အဲဒါတွေကို ကျနော်သိပ်မပြောချင်ပါဘူး။

ပထမ စခန်းကို စရောက်တဲ့ နေ့ကတည်းက ကျနော် အရမ်းပျော်တယ်။ စိတ်ထဲမှာကို လွတ်လပ်ပေါ့ပါးပြီး
တော့ကို ပျော်တာ။ စိတ်ထဲမှာလည်း ကိုယ့်ညီအကိုတွေ၊ ကိုယ်နဲ့ အတွေးတူ အမွေးတူ ကိုယ့်သူငယ်ချင်း
တွေပေါ့နော် အဲလို စိတ်ထဲရှိတယ်လေ။ ပျော်တာပေါ့။

ဒါပေမဲ့ နည်းနည်းလေး ကြာတဲ့အခါမှာ သတိထားမိတာက ဘာသွားပြီး သတိထားမိလဲဆိုတော့ စခန်းမှာ
နည်းနည်းလေး gap ရှိတယ်ဆိုတာ သွားတွေ့တယ်။ ကျနော်တို့နဲ့ သူတို့မှာက …ဘယ်လိုပြောရမလဲ
ကျောင်းသားတပ်ဆိုပေမဲ့ လို့ ကျောင်းသားချည်း ရှိတဲ့ တပ်မဟုတ်ဘူးလေ။

အဲဒီ gap ကို ABSDF မြောက်ပိုင်း ပါဂျောင်စခန်းမှာ  ကျနော်ရောက်ပြီး နည်းနည်းကြာတဲ့အခါမှာ တွေ့လာ
ရတယ်၊ သတိထားမိလာတယ်ပေါ့။

တကယ်တော့ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင် စနစ်ကို တော်လှန်ချင်တဲ့အတွက်
 ကျောင်းသားအနေနဲ့ ရောက်လာတာတွေ ရှိတယ်။ အချို့က ကျောင်းစာသင်ခန်းနဲ့ ဝေးကွာနေတဲ့ လူမျိုး
လေးတွေ ရှိတယ်။ ကျနော်ပြောချင်တာက အဲဒီလိုလူတွေနဲ့ ကျနော်တို့ကျောင်းသားတွေက Knowledge မှာ သွားကွာတယ်ဗျာ။

ဥပမာ ကျနော်တို့က တောထဲမှာ မီးမမွှေးတတ်ဘူး။ မီးမမွှေးတတ်ဘူးဆိုတာ ကျနော်တို့ဆီမှာ မီးမွှေးစရာ
မလိုဘူးလေ၊ ရန်ကုန်မှာဆိုလို့ရှိရင် Rice-Cooker နဲ့ ချက်ချင် ချက်မယ်၊Hot-plate နဲ့ချက်
ချင် ချက်
မယ်။ အဲဒါကို ကျနော်တို့ကို မင်းတို့က ရန်ကုန်ကလာပြီး မီးမမွှေးတတ်ဘူးလား ဆိုတော့ …ဟာ ဟေ့ကောင် ငါတို့က ရန်ကုန်မှာ မီးမွှေးတတ်စရာမလိုဘူး လို့ ငါတို့ ဆီမှာ hot-plate ရှိတယ်၊ ငါတို့က အိုးထဲကို ဆန်ထည့်လိုက် ရေထည့်လိုက် ခလုတ်နှိပ်လိုက် ဒါဆို ထမင်းကျက်တယ်လို့ ပြောတော့ ကန်တော့ပါရဲ့ဗျာ၊ ရန်ကုန်သား စောက်ကြွားတဲ့…။ အဲလိုတွေ ဖြစ်ကုန်ရော။


အဲဒီလိုလေးတွေကနေ စဖြစ်လာတာကို နောက်တော့ မင်းတို့ ရန်ကုန် ဘယ်ရွာကလဲပေါ့။ နောက်ပိုင်း
တော့လည်း အဲလိုလေးတွေကနေ အရမ်းရင်းနှီးသွားတာတွေ ချစ်ခင်သွားတာတွေ ရှိပါတယ်။

အဲဒီမှာ အဲလို သွားရင်းနဲ့ ဇာတ်လမ်းက စဖြစ်တာက အပတ်စဉ် (၅) မှာဇာတ်လမ်းကစဖြစ်တယ်။ အပတ်စဉ်
(၅)မှာ  စစ်ရုံးမှာ ရေးထားတဲ့ စာတမ်းရှိတယ်ဗျာ။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာတမ်းဖတ်ပြီးကတည်းက
 ပြဿနာက စတက်တာပဲ။

သူက အိုင်ဒီရောလော်ဂျီမှာ ပြောတာကလည်း ငါတို့ ရန်သူကို စစ်ပညာနဲ့ တိုက်ခိုက်ရတော့မယ်၊ အဲဒီ
တော့ မင်းတို့ စစ်သားကောင်းဖြစ်ဖို့ လိုအပ်တယ်။ စစ်သားကောင်းဆိုတာ ဘာလဲ ဆိုတော့ အမိန့်နာခံ
တတ်ရမယ်..တဲ့။ အဲဒါကို ကျနော်လက်ခံလို့မရဘူး။

အဲဒီမှာ ကိုမျိုးဝင်းနဲ့ ကျနော်တို့နဲ့ ဇာတ်လမ်းက စတော့တာပဲ။ ကျနော်တို့တွေက ပြောတာက စစ်သား
ကောင်းဖြစ်ဖို့ မလိုအပ်ဘူး။ စစ်သားကောင်းဖြစ်ချင်ရင်ငါတို့ ဒီကို မလာဘူး။ တပ်ထဲပဲသွားဝင်မယ်။ စစ်
သားဖြစ်ချင်ရင် DSA တို့ဘာတို့သွားမှာပေါ့။ မင်းတို့ဆီတောင် မလာဘူး။ငါတို့ လိုချင်တာ တော်လှန်ရေး
သမား၊ တော်လှန်ရေးသမားကောင်းဆိုတဲ့ အင်္ဂါရပ်ထဲမှာ စစ်သားလည်း ပါချင်ပါမယ်။ ကျောင်းဆရာလည်း
ဖြစ်ချင်ဖြစ်မယ်။ တောင်သူလယ်သမားလည်း ဖြစ်ချင်ဖြစ်မယ်။ ငါတို့လိုချင်တာက တော်လှန်ရေးသမား။

တော်လှန်ရေးသမားပဲ ဖြစ်ရမယ်…ဆိုပြီးတော့ အဲဒီမှာ စပြီးတော့စကွဲကြတာ။ ကွဲတဲ့အခါကျတော့ ကွဲ
တုန်းကတော့ ကျနော်တို့တွေက အားသာတယ်။ လက်ခံကြတယ်။ တော်လှန်ရေးသမားကောင်းဖြစ်ရမယ်
ဆိုတာ မှန်တယ်။ ဒါပေမဲ့  ကိုမျိုးဝင်းက ပြောတာ စစ်သားကောင်းတဲ့ဗျာ။

ပိုပြီး ဆိုးကုန်တာက အဲဒီအချိန်မျာ နောက်ထပ် ပြဿနာထပ်ဖြစ်သေးတယ်။

အဲဒီအချိန်မှာ ကျနော်တို့မှာ လက်ထဲမှာ ပိုက်ဆံလည်း တပြားမှ မရှိတော့ဘူး။ ရောင်းစရာလည်း ကုန်သွား
ပြီ။ ရှိသမျှလည်း ကျနော်တို့ အကုန်ရောင်းပြီးသွားပြီ။ အိမ်ကပါလာတာတွေ အကုန်လုံး ရောင်းစားလိုက်ပြီး
လို့ကို တကယ့်ကို ရောင်းစရာ ဘာမှမရှိတော့တာ။အဲဒါက ကျနော်တို့လို ရန်ကုန်၊ မန္တလေးကနေ သွားကြ
တဲ့ ကျောင်းသားတိုင်း ကြုံရတဲ့ အခက်အခဲပဲ။

အဲဒီမှာ ကချင်ကလာတဲ့ ကျောင်းသားကြတော့ သူတို့ရဲ့ အိမ်နဲ့ နီးတယ်လေ။ ပြီးတော့ အမြဲတမ်းအဆက်
အသွယ်ရှိတော့ ဖျားရင်ပဲဖြစ်ဖြစ် လာပြီးတော့ ကြည့်ရှု့ နိုင်တာပေါ့လေ။ အဲဒီတုန်းက နို့မှုန့်ပေါ့ဗျာ၊ နို့မှုန့်
တို့ သကြားတို့ အဲလိုလေး လာပေးနိုင်တယ်။ သူတို့မှာလည်း ပိုက်ဆံလိုရင် အိမ်ကို လှမ်းမှာလို့ရတယ်။

အဲဒီမှာ ထပ်ပြီးတော့ဖြစ်တာက ABSDF ကချင်မှာ စစ်ကိုင်းတိုင်း ယာယီကော်မတီရှိတယ်။ အဲဒီ စစ်ကိုင်း
တိုင်း ကော်မတီကလည်း သူ့ကော်မတီကတဆင့် ဖျားတဲ့ သူ နေထိုင်မကောင်းတဲ့ သူကို ထောက်ပံ့ပေး
ရတာ။

ရန်ကုန်ကကြတော့ ရန်ကုန်မှာကဘယ်သူမှ မရှိဘူး၊ကျနော်တို့ဘဲ ရှိတာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းကကျောင်း
သားတို့ကချင်ပြည်နယ်က ကျောင်းသားတို့က သူတို့ရောက်လာရင်သူတို့ဆီမှာ ရှိရင်အကုန်မျှကျွေးတာ။

ဥပမာ ကချင်ပြည်နယ် ကျောင်းသားက သူတို့ကချင်ပြည်နယ် ကျောင်းသားကို လာပြီးတော့ ပေးတာ မှန်
သော်ငြားလည်း ကျနော်တို့ကို တွေ့တော့ ညီလေးရော့..မင်းတို့လည်း သောက်ပေါ့ ဆိုပြီးတော့ ပေး
သွားတာပဲ။ အဲလို လူုတွေ မရှိရင် ကျနော်တို့က အငတ်။ တကယ်ကိုငတ်တာ။ ငတ်တာမှ ဘာမှကို စားစရာ
မရှိတာ။ ကျနော်တို့ စားရတာ အဲဒီတုန်းက ဆန်ပြုတ်ပဲ ရှိတယ်။ အစားအသောက်ကို ကျနော်ပြောချင်တာမ
ဟုတ်ဘူးနော်။  ရိက္ခာက ၅ ရက်တခါပေးတယ်၊ အဲဒီမှာ ချွေချွေတာတာ မစားရင် ၂ ရက်ဆို ကုန်ပြီဗျာ။ ဘာမှ စားစရာမရှိတော့ဘူး။


နောက်...မြောက်ပိုင်း..ပါဂျာင်က အမြင့်ပေ ၆၆၆၇ ပေရှိတယ်၊ ရေခဲတယ်။အရမ်းအေးတယ်။ ကျနော်တို့
ရောက်တော့ တော်တော်လေးလည်း အအေးမိပြီး ဖျားကြတယ်။အဲတုန်းက ကျနော့်သူငယ်ချင်း မိုးဟိန်းက
ဖျားရော။ ကျနော်က ကိုယ့်သူငယ်ချင်းက ဖျားနေတော့ စကားလုံးကြီးကြီး ကျယ်ကျယ်နဲ့ ပြောရရင် သူနဲ့ ကျနော်နဲ့က သေဖော်သေဖက်ပေါ့ဗျာ။ အဲတော့ကျနော်က သူ့ကို အားပေးတယ်ပေါ့ဗျာ။ ဟိတ်ကောင် စိတ်မပူနဲ့ပေါ့၊ မင်း ဘာမှ စိတ်ပူစရာမရှိဘူးပေါ့၊ ဘာစားချင်လဲ့ ပေါ့။ တကယ်တော့ သူ့ကို အားပေးချင်
လို့သာ မေးရတာ ကျနော့်မှာလည်း ဘာမှ မရှိဘူး။

သူကလည်း ငတ်နေတာလည်း ကြာပြီ ဆိုတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကော်ဖီလေး တခွက်
တော့ သောက်ချင်တယ်ကွာလို့အသံလေးနဲ့ ပြောတယ်။သူပြောတော့ ကျနော်ကလည်း ဟာရတယ်ဟိတ်
ကောင်၊ ကိစ္စမရှိဘူး။ မင်း ကော်ဖီသောက်ရမယ်ပေါ့။

အဲဒီမှာ ကျနော့်မှာ ဘာမှလည်း ရောင်းစ၇ာမရှိတော့ဘူး။လက်ထဲမှာလည်း ပိုက်ဆံ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ကို ကျနော် ကော်ဖီလေးတခွက်လောက်တော့တိုက်ချင်တယ်။ဘာပဲပြောပြော ဖြစ်အောင်တော့တိုက်
မယ်ဆိုပြီး ဆုံးဖြတ်တာပေါ့။ နောက် ဆုံးပြောရရင် ကျနော် ခိုးတာ။

လိုင်စင်ကုန်းပေါ်တက်ပြီးတော့ အဲဒီက စတိုးဆိုင်လေးကနေ ကျနော်က ခိုးတာ။ အဲဒါကို ပြောရရင် ကျနော်
တို့ နှစ်ယောက် သုံးယောက်လောက်က သွားပြီး ရှေ့ကနေတယောက် နှစ်ယောက်က ဟိုပစ္စည်း ပြခိုင်း ဒီပ
စ္စည်းပြခိုင်းနဲ့ အရောင်ပြတယ်၊ တယောက်က ကော်ဖီထုတ်တွေ ထားတဲ့ နေရာကိုသွားပြီး ခိုးထည့်လာခဲ့
တယ်။ အဲ…နောက်ပိုင်းကျတော့ ကျနော်တို့မှာ အဲလို အယောင်ပြဖို့ကို ပိုက်ဆံ မရှိတော့ဘူး။ မရှိတော့
ဘူး ဆိုတာ အယောင်ပြတာကလည်း သူယုံအောင်လို့ ဆေးလိပ်တွေ ဘာတွေဝယ်ပြရတာကိုး ကျနော်တို
့က။

အဲဒီမှာအဲဒီဆိုင်အနေအထားကို ပြောရရင်ပါဂျောင်လမ်းကဆိုင်ထဲကနေ ကျနော်တို့ ခိုးနေတာကိုအဲဒီဆိုင်
ရဲ့ ရှေ့ကတောင်ကနေ ဆိုင်ရှင်က မြင်နေရတယ်။ ကျနော်က အဲဒါကို မသိဘူး။

ကျနော်က ခိုးတာ ဘာကြောင့်ခိုးတာလဲ ဆိုတော့ ကျနော့်သူငယ်ချင်းက ဖျားနေတယ်။ အဲလိုမှ မခိုးလို့မရ
ဘူးလို့ ကျနော့်စိတ်ထဲ ထင်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့

သူငယ်ချင်းက အရမ်းဖျားနေတယ်။ဘာမှ လည်း ဆေးတွေဘာတွေလည်းရှိတာမဟုတ်ဘူး။ပြီးတော့ကျနော်
တို့ ရန်ကုန်ကသွားတဲ့ ကောင်တွေကဗျာ။ သိတဲ့အတိုင်းပဲ လက်ဖက်ရည်ကော်ဖီငတ်တယ်ဗျာ။

သူတင်မကဘူး ရှေ့က  ကိုပေါက်တို့ ဘာတို့လည်း အဲလို ဖြစ်ခဲ့ဖူးတယ် ဖျားဖူးတယ်၊ မှတ်မှတ်ရရ မိုးဟိန်း
ဖျားလို့ ခိုးတဲ့ အလှည့်မှာ ကျနော့်ကို မိတယ်။


မိတော့ ကျနော်ကလည်း ဒါကို ချမထားခဲ့နိုင်ဘူး။မိုးဟိန်းကလည်းအရမ်းသောက်ချင်နေတယ်၊ သူကလည်း
ဖျားနေတော့ကျနော်ကလည်း သူ့ကို ကော်ဖီလေးတခွက်တော့ တိုက်ချင်တယ်၊ အဲဒါနဲ့ ကော်ဖီထုတ်ကို ယူပြီး ပြေးလာတော့တောပဲ။ ပြေးတော့ သူတို့ နောက်ကနေ လိုက်တယ်။ ပြီးတော့စခန်းကို ပြောတယ်
ပေါ့နော်။ အဲဒီမှာ ဘာသွားဖြစ်သလဲ ဆိုတော့ လူတိုင်းကို မဆိုလိုချင်ဘူး အချို့တွေက ရန်ကုန်ကသူခိုးတွေ
 ဖြစ်သွားရော…။ဟီးဟီး..။

ရန်ကုန်သားက သူခိုးဖြစ်ရောပေါ့…သဘောက။ ရန်ကုန်သားက ခိုးမှာပဲ…ဘာကြောင့်ခိုးလဲဆိုတော့ ကျ
နော်တို့မခိုးလို့မှ မရတော့တာ။ အဲဒီမှာ ကျန်တဲ့ သူငယ်ချင်းတွေကလည်းပြောတယ်ပေါ့ဗျာ။ မင်း ဒီလို
တော့ မဖြစ်သင့်ဘူး။ လိုအပ်တယ်ဆိုရင် ငါတို့ တပ်ထဲမှာ အလံထောင်ပြီး သပိတ်မှောက်မယ်ပေါ့။ အဲဒီက
နေ ပြဿနာတွေက စတာ။

တကယ်တော့ အဲလောက်ပြဿနာဆိုတာ ဘာမှ မဟုတ်ဘူး။ အဲဒါကို အသုံးချသွားတာက မျိုးဝင်း။ မျိုးဝင်း
က ကောင်းကောင်းကြီး အသုံးချသွားတာပါ ။အဲဒါကိုလည်း ကျနော်နောက်မှ သိခဲ့ရတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:

Post a Comment