Pages

Sunday, August 19, 2012

Ring Tone သံကျယ်ကျယ် ကျေးလက်နယ် (သို့) ဧရာဝတီတိုင်း က အသံချဲ့စက်နှင့် ဖုန်းခေါ်သံ


““ဒေါ်နတွိင် ... ဖုန်းလာနေတယ်။ ဒေါ်နတွိင် ... ဖုန်းလာနေတယ်”” ဟုသောအသံခပ်ကျယ် ကျယ်သည် အသံချဲ့စက်မှတစ်ဆင့်
စိမ်းစိုနေသောလယ်ကွင်းပြင်များကိုဖြတ်၍ နီးစပ်ရာကျေးရွာ များကို လွှမ်းခြုံသွား တော့သည်။မြို့ပြနေလူတန်းစားတစ်ရပ်အတွက် 
အဆိုပါအသံချဲ့စက်သံသည်  အနည်းငယ်တော့ ထူးဆန်းသလိုရှိ လိမ့်မည်။ အခုကြားသိနေရသည့် အုန်းနှစ်ပင်လိုကျေးရွာမျိုးအ
တွက်ကတော့ အထူးအဆန်းမဟုတ်တော့သည့် တစ်ဆင့်ခံတယ်လီဖုန်း Ring  Tone  သံပင်ဖြစ်သည်။

ရန်ကုန် - ပုသိမ်လမ်းမကြီးဘေးမှတစ်ဆင့် ညီညာဖြောင့်ဖြူးခြင်း မရှိသော ကျောက်ခဲလမ်းများအတိုင်း ဆိုင်ကယ်ဖြင့် မိနစ်အနည်း
ငယ် ထပ်မံခရီးဆက်ရသည့် အဆိုပါ အုန်းနှစ်ပင်ကျေးရွာသည် ညောင်တုန်းမြို့နယ် အတွင်းတည်ရှိခြင်းဖြစ်ပြီး ရေနံမြေလမ်းဆုံနှင့် မနီးမဝေး ၌တည်ရှိသည့် ကျေးရွာတစ်ရွာပင်ဖြစ်သည်။

အိမ်ခြေ ၅၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာငယ်တစ်ခုဖြစ်သော်လည်း အနီးအနားရှိကျေးရွာများကမူ အိမ်ချေရာကျော်ရှိသောကျေး
ရွာ ကြီးများဖြစ်ကြသည်။ ကျေးရွာဝန်းကျင်၌ အများသုံးတယ်လီဖုန်းအဖြစ် တယ်လီဖုန်းနှစ်လုံးသာရှိသည်ဟု ဒေသခံတစ်ဦးက
ပြောသည်။ အလှမ်းကျယ်လှသော အိမ်ခြေများအတွက် အဆိုပါအများသုံးတယ်လီ ဖုန်းများသည် အသံချဲ့စက်အသုံးပြု၍ တယ်လီ
ဖုန်းခေါ်ဆိုပေးခြင်း ကိုဝန်ဆောင်မှု ပေးလေ့ရှိကြသည်။

အများသုံးဖုန်း(သို့မဟုတ်) အခပေးဖုန်းအဖြစ် ကျေးရွာများ၌ လုပ်ကိုင်ရသည်မှာ မြို့ပြရှိရပ်ကွက် များလိုတော့ လွယ်လွယ်ကူကူမ
ဟုတ်။ ဖုန်းဝင်လာသည့်အခါ၌ အိမ်တိုင်းအိမ်တိုင်းသို့ လိုက်လံခေါ်ဆောင် ပေးရန်မှာလည်း လွယ်ကူလှသည်မဟုတ်ပေ။ ကျယ်ဝန်း
လှသော လယ်ကွင်းပြင်များနှင့် ကျယ်ဝန်းလှသော အိမ်ခြံမြေများမှာ ကျေးလက် ဒေသ၌ ပုံသေတည်ရှိသော ပထ၀ အနေအထား
ပင်ဖြစ်သည်။ ထို့ကြောင့် အသံချဲ့ စက်အသုံးပြု၍ တယ်လီဖုန်းခေါ်ဆိုပေးခြင်းသည် ဒေသခံတို့အတွက် အဆင်ပြေလွယ်ကူစေ
သော ဖြေရှင်းနည်း တစ်ခုဖြစ်လာခဲ့သည်။


 
ကျေးလက်ဒေသရှိ အများသုံးဖုန်းများ၏ စီးပွားရေးလုပ်ငန်းကို လေ့လာကြည့်ပါက ဒေသတွင်း၌ အောင်မြင်မှုရှိသည့် စီးပွားရေး
တစ် ခုဟု ဆိုနိုင်မည်ထင်သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ အချို့သောအများ သုံးဖုန်းများ၏ အသုံးပြုခကို ရန်ကုန်မြို့နှင့်တန်းတူ အ၀င်တစ်မိနစ် ၅၀ ကျပ်၊ အထွက် တစ်မိနစ် ၁၀၀ ကျပ် ရယူကြသော်လည်း အများစု သည် ၂ မိနစ်ဝန်းကျင်ခန့်အသုံးပြုသည်နှင့် ၅၀၀ ကျပ်နှင့်အထက်ကိုကောက်ခံ လေ့ရှိကြသည်။ နေရာဒေသနှင့် ကျေးရွာအလိုက်တယ်လီ ဖုန်းပိုင်ဆိုင်မှုအရေအတွက်အပေါ်
မူတည်၍ တစ်နေ့ တာ ၀င်ငွေ တစ် သောင်းဝန်းကျင်ခန့်ရရှိကြကြောင်း ဒေသခံအများသုံးဖုန်းလုပ်ငန်းလုပ် ကိုင်သူအချို့ကပြော သည်။

စတုရန်းမိုင်ပေါင်း ၁၃၅၆၇ မိုင်ခန့်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး သည် လွင်ပြင်ကျယ်ဒေသ ကြီးတစ်ခုဖြစ်ပြီး လွန်ခဲ့သောလေး
နှစ်တာ ကာလ၌ ကောက်ယူခဲ့သောစာရင်းဇယားများအရ လူဦးရေ ၇၈၆၃၀၀၀ ခန့်ရှိကြောင်းသိရသည်။ ကျေးရွာအုပ်စုပေါင်း 
၁၉၁၂ ခုနှင့် ကျေးရွာပေါင်း ၁၁၆၁၅ ရွာရှိသည့် အဆိုပါတိုင်းဒေသကြီး၌ ကျေးရွာအများ စုမှာ အုန်းနှစ်ပင်ကျေးရွာကဲ့သို့ တယ်လီ
ဖုန်းခေါ်ဆိုခြင်းကို အသံချဲ့ စက်ဖြင့်ဝန်ဆောင်မှုပေးလေ့ရှိကြသည်။

အုန်းနှစ်ပင်ကျေးရွာအနီး၌ အိမ်ခြေတစ်ရာကျော်ရှိသည့် ဥတို ကျေးရွာရှိသည်။ 

အခြားသောနီးစပ်ရာ ကျေးရွာများအနေဖြင့် ချောင်းဖျား လေးကျေးရွာ၊ ၀ါးကုန်းကျေးရွာဟူ၍ ကျေးရွာနှစ်ရွာတည်ရှိသည်။ အဆိုပါ
ကျေးရွာလေးရွာ၌ မိသားစုသုံးဖုန်းအဖြစ် ဖုန်းလိုင်းများရှိကြသော်လည်း အများသုံးဖုန်းအဖြစ် နှစ်လုံးသာ ရှိသည်။ အဆိုပါအများ သုံးဖုန်းနှစ်လုံးအနက် တစ်လုံးမှာ အခါအခွင့်သင့်သည့်အချိန်များ၌သာ ခေါ်ဆိုပေးသည့် အတွက် အများသုံးဖုန်းတစ်လုံးသာရှိသည်
ဟုလည်းပြောဆိုနိုင်သည်။

တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုမှုပြုလုပ်လိုသည့်အခါ၌ လယ်ကွင်းပြင်များကို ဖြတ်သန်းသွားလာ နေရသည့်အတွက် ဒေသခံ
 ပြည်သူများသည် ၂ သိန်းတန် ၈ျီအက်စ်အမ်ဖုန်းလိုင်းကို ကိုယ်ပိုင် အနေဖြင့် ၀ယ်ယူအသုံးပြုလိုကြသည်။ ၂ သိန်းတန်ဖုန်းလိုင်း
များကို ၀ယ်ယူအသုံးပြုကြသည့် ဒေသခံပြည်သူများရှိကြ သော်လည်း အဆိုပါဖုန်းလိုင်းများမှာ လိုင်းမမိသည့်ပြသနာများနှင့် အမြဲ
ရင်ဆိုင် ကြုံတွေ့နေရသည့်အတွက် အသုံးပြုရသည်ဟူ၍မရှိကြပေ။

လူဦးရေ ၇ သန်းကျော်ရှိသည့် အဆိုပါတိုင်းဒေသကြီး၌ ၂ သိန်း တန်ဂျီအက်စ်အမ်ဖုန်းလိုင်း အသုံးပြုသူအရေအတွက်သည် မေလ ပ ထမအပတ်အတွင်း ထုတ်ပြန်ချက်များအရ ၂၀၁၃၉ လိုင်းသာ ရှိပြီး ဒဗလျူစီဒီအမ်အေဖုန်းလိုင်းအသုံးပြုသူ အရေအတွက်မှာ ၃၅၅ လိုင်းသာရှိ သည်။ ဒေသတွင်းအများဆုံးအသုံး ပြုသည့်မိုဘိုင်းဖုန်းလိုင်းမှာ စီဒီအမ် အေ ၄၅၀ ဖုန်းလိုင်းဖြစ်ပြီး ၂ သိန်းတန်
ဖုန်းလိုင်းအသုံးပြုသူအရေအ တွက်မှာ ကွန်ရက်အခက်အခဲများ ကြောင့် ကျယ်ပြန့်စွာအသုံးပြုကြ ခြင်းမရှိပေ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိပုဂ္ဂလိက ကုမ္ပဏီများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာ၌ ၂ သိန်းတန်ဂျီ အက်စ်အမ်ဖုန်းများကို ဧပြီလအတွင်း စတင်ချထားပေးခဲ့သည်။ ၎င်းင်း တို့၏ ထုတ်ပြန်ချက်များအရ နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်း
ကို ဆက် သွယ်ရေးကွန်ရက်လွှမ်းခြုံထားပြီး တယ်လီဖုန်း ဆက်သွယ်မှုမရရှိနိုင် သည့်မြို့မှာတစ်နိုင်ငံလုံးအတိုင်းအတာ၌ သုံးမြို့
သာရှိသည်ဟုသိရသည်။

လက်ရှိ ဂျီအက်စ်အမ်ဖုန်းအသုံးပြုသူများ၏အဆိုအရ ကျေးလက်ဒေ သနေရာအတော်များများ၌ မိုဘိုင်း ဖုန်းလိုင်းများ၏ဆက်သွယ်
ရေးစနစ်မှာ အင်မတန်နိမ့်ကျနေသည်ဟုသိရသည်။ အချို့သောကျေး လက်နေ ပြည်သူများသည် ၂ သိန်းတန်ဂျီအက်စ်အမ်ဖုန်း
လိုင်းကို ၀ယ်ယူအသုံးပြုလိုကြသည်။ သို့သော် ကွန်ရက်တည် ဆောက်မှုသည် ၎င်းင်းတို့နေထိုင်ရာအရပ်ဒေသဆီသို့ရောက်ရှိမလာ
ခဲ့ပေ။


 
ဂျီအက်စ်အမ်ဖုန်းလိုင်းအသုံးပြုလို၍ အချို့သောကျေးလက်နေပြည် သူများသည် ဖုန်းလိုင်းကို ဟန်းဆက်များနှင့် တွဲဖက်သုံးစွဲခြင်း
မပြုဘဲ အထိုင်စက်များနှင့်သာတွဲဖက်အသုံးပြုကြသည်။ ကွန်ရက်လိုင်းနိမ့် ကျမှုပြသနာကို ကျော်လွှားနိုင်ရန် မိုဘိုင်းဖုန်းလိုင်းကို အထိုင်စက်များ နှင့် တွဲဖက်အသုံးပြုကြခြင်းဖြစ်ပြီး အဆိုပါအထိုင်စက်များနှင့် ပူးတွဲ ပါဝင်လာသည့် Reciever တိုင်များကို နေအိမ်
များထက်ပိုမိုမြင့်အောင် စိုက်ထူအသုံးပြုကြလေသည်။

ပန်းတနော်မြို့နယ်၌ နေထိုင်သူတစ်ဦး၏အဆိုအရ ၎င်းင်းတို့အနေဖြင့် ဂျီအက်စ်အမ်ဖုန်းလိုင်းကို တိုင်ထောင်အသုံးပြုနေသည့်တိုင်အောင် ဆက်သွယ်ရေးစနစ်ကိုကောင်းမွန်စွာမရရှိခဲ့ကြကြောင်းသိရသည်။ တစ်ခါတစ်ရံ၌ ဆက်သွယ်ရေးကွန်ရက်သည် ကွန်ရက်ချိတ်ဆက်မိကြောင်း ပမာဏကို အပြည့်အ၀ပြသနေ သော်လည်း မည်သို့မျှပင် တယ်လီဖုန်းခေါ်ဆို ဆက်သွယ်ခြင်းကို မပြုလုပ်နိုင်ခဲ့ကြပေ။

ဤကဲ့သို့သော အဖြစ်အပျက်များကို ကျေးလက်ဒေသရှိ တယ် လီဖုန်းအသုံးပြုသူများသာ ကြုံတွေ့ ရခြင်းမဟုတ်ဘဲ။ ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအသုံးပြုသူများပင် ကြုံတွေ့နေကြရသည်။ တယ်လီဖုန်း လိုင်းမိ သော်လည်း တယ်လီဖုန်းပြောဆိုနိုင်ခြင်းမရှိခဲ့ခြင်းမှာ အသုံးပြုသူ များအတွက် နားမလည်နိုင်စရာ ကိစ္စရပ် ဖြစ်လာခဲ့သည်။ မိုဘိုင်းအင် တာနက်ဖုန်းလိုင်းကို တွဲဖက်အသုံးပြုသူများအ
နေဖြင့်လည်း အင်တာနက်ကွန်ရက် နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်တစ်ခုပိုမိုဖြစ်ရလေသည်။

ရောင်စုံလျှပ်စစ်မီးလုံးများကဲ့သို့ တစ်ဖျပ်ဖျပ်နှင့် အတက်အကျဖြစ် နေသည့် အင်တာနက် ကွန်နက်ရှင် ကိုစိတ်ရှည်စွာဖြင့်စောင့်
ဆိုင်းသုံး စွဲနေရခြင်းသည် စိတ်အနှောင့်အယှက်တစ်ခုပင်ဖြစ်လေသည်။ ဈေးနှုန်းအနေ ဖြင့် သက်သာသည်ဟုပြောဆိုနိုင်သည့် မိုဘိုင်းအင်တာ နက်လိုင်းသည် စတင်အသုံးပြုခွင့် ပေးသည့်အချိန်များ ၌ လျှင်လျှင် မြန်မြန်အသုံးပြုနိုင်ခဲ့သော်လည်း လပိုင်းအ
နည်းငယ်ကြာမြင့်ခဲ့သည့် နောက်ပိုင်း ယခုကဲ့သို့ ကြုံတွေ့လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှမိုဘိုင်း အင်တာနက်လိုင်းအသုံးပြုသူ
များ ကဆိုသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမတိုင်ခင်၌ အင်တာနက်အမြန်နှုန်းကို ယခု ထက်ပိုမိုမြှင့်တင်သွားမည်ဟု ကြေညာထားသည့်အလျောက် အနာ ဂတ်ကာလ ၌ မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ အဆင်ပြေ
ကောင်းမွန် စွာအသုံးပြုလာနိုင်မည်ဟု မျှော်မှန်းစရာရှိလာသည်။

အလားတူပင် နိုင်ငံပိုင်အချိုးအစားများပြားနေသည့် ဆက်သွယ် ရေးကဏ္ဍကို ပုဂ္ဂလိကပိုင်ကဏ္ဍအဖြစ် ပြောင်းလဲလုပ်ကိုင်သွားရန် အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းသိရသည်။ ၂၀၁၂ ခုနှစ်နှစ်လယ်ပိုင်း၌ထွက်ရှိလာသည့် သတင်း
များအရ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်မည့် မိုဘိုင်းဖုန်းစီမံကိန်း၌ ပုဂ္ဂလိက အခန်းကဏ္ဍအနေဖြင့် ၀င်ရောက်လုပ်ကိုင်လာကြမည့်
အပြင် ဈေးနှုန်း အနေဖြင့်လည်း ယခုထက် ပိုမို သက်သာလာလိမ့်မည်ဟုဆိုသည်။ဆက်သွယ်ရေး၏ ၅ နှစ်တာစီမံကိန်းကာလ၌ 
မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ချထားပေးမည်ကို အများပြည် သူသိရှိပြီးဖြစ်သည်။ အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ် ဧပြီလအတွင်း
စတင်အကောင်အထည်ဖော်ဆောင်ခဲ့ ခြင်းဖြစ်ပြီး စီမံကိန်း ၁ နှစ်တာကာလအတွင်း လိုင်း အရေအတွက် ၄ သန်းချထားပေးမည်ဟု ဆက်သွယ်ရေး ကဆိုသည်။

ဆက်သွယ်ရေးကဏ္ဍအတွက် မိုဘိုင်းဖုန်းများကို ဆက်လက်တိုးချဲ့ ချထားပေးမည်ဆိုပါ ကွန်ရက် ချဲ့ထွင်ခြင်းနှင့် ဈေးနှုန်းလျှော့
ချခြင်း ကို ဆက်သွယ်ရေးအနေဖြင့်မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ လက်ရှိဈေးနှုန်းနှင့် လက်ရှိဝယ်လိုအား ရပ်တန့်သွားခဲ့ပါက မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချ နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ဆက်လက်ရောင်းချလိုပါက ကွန်
ရက်ချဲ့ထွင်ခြင်းနှင့် ဈေးနှုန်း လျှော့ချခြင်းကို လုပ်ဆောင်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။

လူတန်းစားမျိုစုံလက်လှမ်းမီနိုင်သည့်ဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းမျာ ကို နေရာဒေသမရွေးသယ်ဆောင် အသုံးပြုလာနိုင်ပါက ကျေး
လက်ဒေသရှိ အသံချဲ့စက် Ring  Tone သံမှာ ပျောက်ကွယ်သွားမည်ဖြစ်သည့် အပြင် သာယာနာပျော်ဖွယ်ကောင်းသည့် Ring Tone သံများမှာ ပြည်သူတိုင်း၏ လက်ဝယ်မှ ကိုယ်စီကိုယ်စီ ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။

အင်တာနက်ဂျာနယ်

0 comments:

Post a Comment