ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျူချောင်းကျေးရွာ၊ မလစ်ရှေ့ကျေးရွာ၊အဝိုင်းအရှေ့ကျေးရွာ၊ ထောင်တလုတ်ကျေးရွာ၊ ရှမ်းတဲကြီး အောက်ကျေးရွာနှင့် လှည်းကူးမြို့နယ် ကျေးရွာများမှာ သိမ်ကုန်းကျေးရွာ၊ရှမ်းတဲအထက်၊ဆားတလင်း ကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ မလစ်နောက် ကျေးရွာ၊အဝိုင်းနောက်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့တွင် ရေလွှမ်းမှု ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုသို့ ရေလွှမ်းမိုးမှုကြောင့် ယမန်နေ့(သြဂုတ်လ-၇)ရက်နေ့က အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်မြုပ် သေဆုံးခဲ့သည်။
“ကျွန်တော်တို့ရွာမှာ ရေနစ်ပြီးသေတဲ့သူတောင်ရှိနေပြီ၊ အသုဘချတာကအစ အခက်ခဲဖြစ်တယ်၊ အခေါင်းကို ရေထဲမှာ ချရတာဆိုတော့ကျွန်တော်တို့မှာ ကြိုးနဲ့ဆွဲပြီး ပေါ်ကနေ ခဲတွေဖိ ကျောက်ခဲ တွေဖိပြီး တော်တော် ခက်ခဲနေပါတယ်’’ ဟုကျူချောင်းကျေးရွာတွင် နေထိုင်သော ကိုညွန့်ဝေက ပြောသည်။
လယ်အဓိကလုပ်ကိုင်သော ရွာသူရွာသားများမှာ စပါးရှိသော်လည်း စပါးကြိတ်ခွဲရန် ဆန်စက်မှာ ရေနစ်မြုပ် နေသည့်အတွက် စပါးကြိတ်ခွဲရာတွင် အခက်ခဲဖြစ်ပေါ်လျက်ရှိကြောင်း ကျေးရွာသူရွာသားများက ပြောသည်။
“ ကျွန်တော်တို့ နောက်နှစ်သုံးရက် ရေနစ်ပြီဆိုရင် ထမင်းငတ်ပြီ၊ ကျွန်တော်တို့မှာ စပါးရှိရဲ့နဲ့ထမင်းငတ်ရမယ့် ဘဝ ရောက်တော့မယ်’’ ဟု ထောင်တလုတ်ကျေးရွာမှ ကိုဝင်းဌေးက ပြောသည်။
ရွာသူရွာသားများသည် မြွေ အန္တရာယ်၊မျှော့အန္တာရာယ်များကိုလည်း ရင်ဆိုင်နေရသောကြောင့် ညတွင်ပင် ကောင်းမွန်စွာ မအိပ် စက်နိုင်ကြောင်း သိရသည်။ထို့ပြင် သောက်သုံးရေ၊ထမင်းဟင်း ချက်ရေများကိုလည်း ၄င်းရေများကိုသာ အသုံးပြုနေရကြောင်း ရွာသားများက ဆိုသည်။
ယခုချိန်ထိ အဆိုပါရွာသူရွာသားများဆီသို့ မည်သည့်အဖွဲ့အစည်းကမှ လာရောက်ကူညီခြင်း မရှိသေးကြောင်းကိုလည်း သိရှိရသည်။
‘’ဘုန်းကြီးတို့ရွာမှာ အရင်တုန်းက နတ်လမ်းကျော်ပြီး ရေကြီးတယ်ဆိုတာမရှိဘူး၊ဒီငမိုးရိမ်ဆည် ကြီး ပြီးတဲ့ နှစ်နှစ်သုံးနှစ် ရေကြီးတာ ပြီးတော့ ဒီနှစ်ပိုးဆိုးတယ်၊ ဒီနှစ်လောက်ကြီးတဲ့ရေကိုတော့ မမြင်ဘူးဘူးပေါ” ဟုကျူးချောင်းဆရာတော် ဦးသာဂရက ပြောသည်။
လွန်ခဲ့သည့် နှစ်များတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ရက်ကြာမြင့်စွာရေကြီးမှု မဖြစ်ပေါ်ခဲ့ကြောင်း ယင်းသို့ရေလွမ်းမိုးမှုဖြစ်ပေါ်ရခြင်းသည် ငမိုးရိပ်ရေလွှဲဆည်တည်ဆောက်လိုက် ခြင်းကြောင့် ရေစီးချောင်းပိတ်ဆို့ကာ ရွာ၌ရေဘေးကြုံရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
“ အရင်တုန်းကလဲ နှစ်စဉ်နှစ်စဉ်နစ်ပါတယ်၊ ဒီနှစ်တော့ ပိုတယ်ပေါ့နော်၊ ဒီရေနစ်မြုပ်တာကို ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားပါတယ်၊ ဒီထက်ပိုနစ်ရင် လယ်သမားက သေမှာပါ နောက်စိုက်ထားတာတွေလည်း သေမှာပါ အခုနေအခါမှာ မသိသေးပေမယ့် ရေလျော့သွားရင်တော့ ဘယ်လောက်ထိပျက်စီးသွားမလဲဆိုတာ သိရမှာပါ၊
က္မန်တော်ထင်တာ တော်တော်ပျက်ဆီးမယ်လို့ ထင်ပါတယ်’’ ဟုမလစ်ရှေ့ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှငွေက ပြောသည်။
0 comments:
Post a Comment