Pages

Monday, July 9, 2012

DNS Changer အမည်ရှိ malware ကွန်ပျူတာဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိ




ကမ္ဘာတစ်ဝန်းတွင် DNS Changer malware ကူးစက်တိုက်ခိုက်ခံထားရသည့် ကွန်ပျူတာအရေအတွက်မှာ ၃၀၀,၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ABC News တွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် DNS Changer အမည်ရှိ malware အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ် ဝင်ရောက်တိုက်ခိုက်ခြင်း ခံထားရသည့် ထောင်ပေါင်းများစွာသော ကွန်ပျူတာများမှာ တနင်္လာနေ့ (ဇူလိုင် ၉ ရက်) မှစ၍ အင်တာနက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။ 


အမေရိကန် FBI က အင်တာနက်ဆာဗာများအား ခေတ္တ ပိတ်ထား၍ DNS Changer ဗိုင်းရပ်စ်ကူးစက်ခံထားသည့် ကွန်ပျူတာပိုင်ရှင်များကို ကူညီဖြေရှင်းပေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်ကျော်က အက်စတိုးနီးယားလူမျိုး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူ ၆ ဦးက DNS Changer malware ဖြင့် တိုက်ခိုက်ခဲ့ရာ ကမ္ဘာတစ်ဝန်း ကွန်ပျူတာ ၄ သန်းခန့်သို့ ကူးစက်ပျံ့နှံသွားခဲ့သည်။ 

DNS Changer malware သည် Windows OS သုံး ကွန်ပျူတာများတွင်သာ ဝင်ရောက် တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး Apple ကွန်ပျူတာများသို့ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း Los Angeles Times သတင်းတစ်ရပ်တွင် ရေးသားဖော်ပြသည်။ မိမိ၏ ကွန်ပျူတာမှာ DSN Changer malware ဝင်ရောက်တိုက်ခိုက်ခံထားရခြင်းရှိ မရှိကို စစ်ဆေးသိရှိနိုင်မည့် ဝက်ဘ်ဆိုက်လိပ်စာများကို အမေရိကန် FBI က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် စုစည်းဖော်ပြထားသည်။

အကယ်၍ မိမိကွန်ပျူတာတွင် DNS Changer ဝင်ရောက်တိုက်ခိုက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပါက မည်သို့ဆောင်ရွက်ရမည်ကို လမ်းညွှန်ထားသည့် ဝက်ဘ်ဆိုက်လိပ်စာကိုလည်း FBI က ဖော်ပြထားသည်။

DNS Changer malware ဖြင့် တိုက်ခိုက်ခံရခြင်းရှိ မရှိ စစ်ဆေးရန် https://forms.fbi.gov/check-to-see-if-your-computer-is-using-rogue-DNS

DNS Changer malware ဝင်ရောက်တိုက်ခိုက်ခံထားရပါက http://www.dcwg.org/detect/

Ref: Planet Myanmar Network:

0 comments:

Post a Comment