Pages

Monday, July 9, 2012

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012 နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012  နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့်သိရပါတယ်။


ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာကတော့ မူဆယ်မြို့ရဲ့ တောင်ဖက် ၆ မိုင်အကွာလောက်မှာရှိတဲ့ စယ်လန့်ရွာမှာရှိတဲ့ အထက ကျောင်းအနီးမှာပါ။ နေ့လည် ၁၁ နာရီ ဆယ်မိနစ်လောက်က အမည်မသိ
လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နဲ့ အစိုးရတပ်တွေ ပစ်ခတ်ခဲ့ကြတာ ဖြစ်တယ်လို့ကျောင်းဆရာတစ်ဦးက 

အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ပထမဆုံး အဲ့ဒီ ပေါက်ကွဲသံ အချက်အကျယ်ကြီး နှစ်ချက်ကြားပြီးတော့ လက်နက်ငယ်တွေ

 သေနတ်သံတွေ ပြစ်တာခတ်တာ အသံကြားတာပေါ့နော်၊ အဲ့ဒါ မူဆယ် - နမ့်ခမ်း ကျနော်တို့ဒီ စယ်လန့်အထက ခွဲ ကျောင်းနားလေးမှာပေါ့၊ ဆရာမကြီးနေတဲ့ အိမ်ရယ်၊ ကျောင်းထဲကရှိတဲ့ မူကြိုရယ်၊ ၀န်ထမ်းအိမ်ယာတွေမှာ ကျည်ဆံ လာမှန်တာပေါ့၊ အမိုးတွေ ပေါက်ကုန်တာပေါ့ဗျာ၊ အဲ့လောက်ပါပဲ၊ အထိအခိုက်တော့ မရှိပါဘူး၊ ဘယ်သူတွေနဲ့ဖြစ်တယ် မသိဘူး၊ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူးလေ။ ကျနော်တို့လည်း ပုန်းနေကြတယ်။"

စစ်ကားသုံးစီးဟာ မူဆယ်မြို့ကနေတဆင့် နမ့်ခမ်းမြို့ဖက်ကို သွားနေချိန်မှာ ဗုံးနှစ်လုံး ဆက်တိုက်

 ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။

စယ်လန့် စာသင်ကျောင်းမှာ ကျောင်းပိတ်ရက် ဖြစ်တာကြောင့်ကျောင်းသူကျောင်းသားတွေ မရှိဘဲ

 ကျောင်းမှာ တည်းခို နေထိုင်တဲ့ ၀န်ထမ်း မိသားစုဝင် တချို့သာရှိပြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ဆိုပါတယ်။

ဒေသခံတစ်ဦးပြောပြချက်အရ နှစ်ဖက် ပစ်ခတ်မှုကြောင့် အစိုးရစစ်တပ်ဖက်က စစ်သားသုံးဦး 

ဒဏ်ရရှိပြီး မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ထားရတယ်လို့ သိရတာကြောင့် မူဆယ်ပြည်သူ့ဆေးရုံကြီးကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ဆရာမက ဖြေဆိုခွင့် မရှိကြောင်းသာ ပြောဆိုပါတယ်။

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပေမယ့် တခြားထိခိုက် ကျဆုံးမှုတွေကိုတော့ မသိရှိကြောင်း ပြောဆိုပါတယ်။

"အဲ့လိုတော့ ကြားတယ်ဗျ ကျနော်တို့လည်း ဘာမှ အတည်မပြုရသေးဘူး၊ ကျနော်တို့ သိတာကတော့ တားတယ်ဆိုတာပဲ သိရတယ်၊ ကျနော်တို့လည်း အဲ့ဒါ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ဘာမှ မသိရသေးဘူး၊ သိတာတော့ ခုနက ပြောသလိုမျိုး အဲ့ဖက်မှာ ပစ်ကြတယ်ဆိုတာလောက်ပဲ အကြမ်းဖျဉ်းသိတယ်လေ။ 

ကျနော်တို့နဲ့လည်း မသက်ဆိုင်ဘူးဆိုတော့ မစုံစမ်းတော့ဘူး။ သူတို့က စစ်သတင်းဆိုတော့လေ အဲ့လိုဖြစ်နေတယ်။"

ညနေ ၅ နာရီ ခွဲအချိန်မှာ ဆေးရုံနဲ့နီးစပ်သူတစ်ဦးထံမှနောက်ဆုံးသိရှိရတဲ့ သတင်းအရ အစိုးရတပ်ဖက်က
သေဆုံးသူ ၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၆ ဦးရှိကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အစိုးရတပ်ဖွဲ့ဟာ လားရှိုး အမြောက်တပ်ရင်းကဖြစ်တယ်လို့ သိရပါတယ်။


Ref: RFA (Burmese)

0 comments:

Post a Comment