Pages

Wednesday, August 1, 2012

လမ်းဘေးပလက်ဖောင်းစင်္ကြန်များပေါ်တွင် ဈေးရောင်းချခွင့်အား အထူးကြပ်မတ်လျှက်ရှိ



ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်အန္တရယ်ကင်းရှင်းစေရန် လမ်းဘေးဝဲယာရှိ 

ပလက် ဖောင်းစင်္ကြန်များပေါ်တွင် တရားမ၀င်ဈေးရောင်းသူများအား အသိပေးတားမြစ်ချက်ထုတ်ပြန်ကာ

အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သမိုင်းနှင့်ကမ္ဘာအေးဘုရားရှေ့ရှိ ပလက်ဖောင်းလမ်းတစ်လျှောက်တွင် မည်သည့်အချိန်မျှ

ဈေးမရောင်းရ” ဆိုသည့် ဆိုင်းဘုတ်များတပ်ဆင်ကာ ပျံကျဈေးရောင်းသူများအား 

အထူးလိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။


လူသွားစင်္ကြန်ဆိုတာ လူတွေယာဉ်အန္တရယ် လမ်းအန္တရယ် ကင်းရှင်းစေဖို့အတွက်   ပြုလုပ်ပေးထားတာပါ၊

ဈေးရောင်းဖို့အတွက် ပြုလုပ်ထားတာ မဟုတ်ပါဘူး။ အရင်ကတည်းက ဥပဒေတွေပြဌာန်းထားတာ

ရှိပါတယ်။ ဈေးသည်တွေက မလိုက်နာကြတော့ အခုလို တင်းတင်းကြပ်ကြပ်နဲ့ တားမြစ်ရတာပါ။” ဟု

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသိန်းဝင်းက ပြောသည်။



ပလက်ဖောင်းဈေးရောင်းချသူများအား ဖမ်းဆီးမိပါက  ထောင်ဒဏ် (၆)လ အထိ သတ်မှတ်ထားကာ၊

ငွေဒဏ်လည်းချမှတ် အရေးယူမှုများ လည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



ယင်းတို့ တားမြစ်ချက်ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ ခရီးသွားပြည်သူများအတွက် ယာဉ်အန္တရယ်၊

လမ်းအန္တရယ် ကင်းရှင်းစေရန်အတွက်ဖြစ်ပြီး ယခင်က ဂဠုန်စစ်ဆင်ရေးဟု အမည်ပေး၍ လမ်းဘေး 

ပလက်ဖောင်းဈေးသည်များအား ဖမ်းဆီးအရေးယူခြင်း ပြုလုပ်သော်လည်း လိုက်နာခြင်းမရှိသဖြင့် ယခုလို

စည်းကမ်းတင်းကြပ်လိုက်ခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်က ဆိုသည်။


“ ကျွန်တော်တို့ ညတိုင်း ညတိုင်းစောင့်ကြည့်တယ်၊ ဖမ်းတယ်။ ခုဆိုရင် ညနေပိုင်းတွေမှာ အမြဲ ဝင်ဖမ်း

နေတယ်။ မဟုတ်ရင် ယာဉ်အန္တရယ်များတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ

 ပြောရေး ဆိုခွင့်ရှိသူ ဦးစောသိန်းဝင်းက ဆက်ပြောသည်။


ယခုကဲ့သို့ တားမြစ်ခြင်းများနှင့်သတ်မှတ်နေရာပြောင်းရွှေ့ချထားပေးခြင်းကြောင့် လူစည်ကားသည့်

နေရာများ နှင့်  လမ်းဆုံများတွင် ဈေးမရောင်းချနိုင်တော့သဖြင့် စားဝတ်နေရေး အခက်အခဲ 

ရှိနေလာကြောင်း ပျံကျ ဈေးသည်များက ဆိုသည်။


လာဖမ်းလို့မိသွားရင်တော့ ပစ္စည်းသိမ်းတာမျိုး၊ ဒဏ်ရိုက်တာမျိုး 

လူတွေကိုထောင်ချတာမျိုးတွေတော့ရှိတယ်။ တစ်ခါနှစ်ခါလည်း အဖမ်းခံရဖူးတယ်။ စည်ပင်က 

ချပေးတဲ့နေရာလည်း ဈေးရောင်းမကောင်းဘူး။ အဲ့ဒါကြောင့် ခြံစည်းရိုးဘေးနားကပ်ပြီး ရောင်းနေရတယ်။

ဟု ကျောက်တံတားမြို့နယ်ရှိ ပလက်ဖောင်းဈေးသည်တစ်ဦးက  ပြောသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment