Pages

Wednesday, August 1, 2012

မြောင်မြို့နယ်မှ တောင်သူများ မိုးခေါင်၍ လွန်ဆွဲနေရ



စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် ရေဝင်အရပ်မဟုတ်သည့်အတွက် မိုးခေါင်ရေရှားမှုမှကာကွယ်ရန် ရှေးရိုးအစဉ် အလာအယူအဆဖြစ်သော လွန်ဆွဲပွဲများကို အာကိုးနေရဆဲဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရှိရသည်


‘’ကျွန်တော်တို့ဆီမှာမိုးခေါင်တဲ့အတွက်လွန်ဆွဲပွဲတွေ ရပ်ကွက်ကျေးရွာအလိုက် လုပ်နေရတယ်၊ မိုးကတော့အခုအချိန်ထိမရွာသေး
ဘူး၊ လူကြီးတွေလည်း ကြံရာမရဖြစ်နေပြီ” ဟု မြောင်မြို့နယ်မှ ဦးဇင်မင်းထွန်းက ပြောသည်။

မြောင်မြို့ရှိ ရွှေပေါ်ကျွန်းဘုရားကုန်းတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက လွန်ဆွဲပွဲများ ပြုလုပ်ကာ မိုးခေါ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ဒေသများဖြစ်သည့် ခြေရာတော်၊ ကြာပင်လှ၊ ဖွားစော ကျေးရွာများတွင်လည်း လွန်ဆွဲပွဲ များဆက်တိုက်ပြု
လုပ်ခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းအထိ မိုးရွာသွန်းမှုမရှိကြောင်း ဒေသခံတို့ကဆိုသည်။
 
မြောင်မြို့နယ်တွင် မိုးခေါင်ရေရှား၍ စိုက်ပျိုးမြေများ မဖြစ်ထွန်း သောကြောင့် တောင်သူလုပ်ငန်းများ လယ်ယာ လုပ်ငန်း ရပ်နားထားရပြီး တောင်သူအချို့ငွေကြေးအကြပ်အတည်းနှင့်ကြုံတွေ့နေရကြောင်းကိုလည်း သိရှိရသည်။
 
'အရင်နှစ်ကမိုးကောင်းလို့ ဒီချိန်ဆို ကျုပ်တို့လုပ်ငန်းတွေစိုကလို့ပျိုးလို့ပြီးနေပြီ၊ အခုထွန်ပဲထားရတယ် မိုးမရွာတော့ ဘာမှက
လို့မဘူး နားနေရတယ် သီးနှံမရရင်တော့ အကြွေးဆပ်နိုင်မှာ မဟုတ်ဘူး'ဟု ခြေရာတော်ကျေးရွာမှ ဦးကံချွန်ကပြောသည်။

မြောင်မြို့နယ်မှ တောင်သူအများစုမှာ သီးနှံပေါ်ပေးဆိုပြီး ပွဲစားများထံမှ ကြိုငွေများ ထုတ်ယူသုံးစွဲထားကြသည်။

မြောင်မြို့နယ်တွင် ပဲစိမ်းငုံ၊မြေပဲ၊ပြောင်း၊နှမ်းစသော ကုန်းတွင်းသီးနှံများ အဓိကစိုက်ပျိုးပြီး ရေဝင်အရပ်မဟုတ် သဖြင့် မိုးကိုသာမျှော်ရပြီး တောင်သူများလုပ်ကိုင်စားသောက်နေရကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။

ထိုကဲ့သို့ မိုးခေါင်ရေရှားမှုများမှ ကာကွယ်ရန်သစ်ပင်သစ်တောများအား စုပေါင်းကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း စိမ်းရောင်စိုအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ချစ်ခင်သူတစ်ဦးကဆိုသည်။

'ဒီနှစ်ပိုင်းမှာ မိုးခေါင်တာက တော်တော်အခြေနေဆိုးတယ်၊စိုက်ပျိုးရေးတေထိတယ် ကောက်ပဲသီးနှံတွေ ရှားပါးကုန်တယ်၊ ရာသီဥတုပြောင်းလဲတာတွေလည်း ကမ္ဘာနဲ့ချီပြီး ဖြစ်နေတယ်။ အဓိက ဂေဟစနစ်မပျက်စီးအောင် ကျန်ရှိသေးတဲ့သဘာဝ သစ်တောတွေကို ကျွန်တော်တို့ စုပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင် ရာသီဥတု ဖောက်ပြန်တာ ကို ကာကွယ်နိုင်ပါတယ်'ဟု သဘာဝပတ်ဝန်းကျင်ကိစ္စများလုပ်ဆောင်နေသော စိမ်းရောင်စိုအဖွဲ့မှ ဦးတင်သစ်က သုံးသပ်ပြောကြားခဲ့သည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment