Pages

Wednesday, August 1, 2012

သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။


သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ကြပေမယ့်လည်း ခွင့်မပြုတာကြောင့် ဒီမနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သဲကုန်းမြို့ ရွာထိပ်မှာရှိတဲ့ မြသိန်းတန် ဘုရားရှေ့ကစတင်ပြီး လူအင်အား ၂၀၀ ကျော်ခန့် သဲကုန်းမြို့တွင်းကို ချီတက်လာရာမှာ မြို့တော်ခန်းမရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေအပါအ၀င် အင်အား ၅၀ ခန့်က အတင်းဝင်ရောက်ရိုက်ဖြိုခွင်းပြီး လယ်သမား ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ အင်ပင်လှရွာသား ကိုအုံးဟန်၊ ပြည်မြို့က ကိုဝင်းလှိုင်၊ ဆောက်ချုံကြီးရွာသား ကိုဝင်းစိုး၊ ကိုကြည်ဝင်းနဲ့ အောင်ကုန်းရွာသား ကိုအောင်ကြိုင်တို့ဖြစ်ပြီး သူတို့ကို သဲကုန်းရဲစခန်းတွင်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ လယ်သမားတွေနဲ့ မြို့ခံတွေဟာ ဖမ်းခံရသူတွေ ပြန်လွတ်လာရေးအတွက် ရဲစခန်းရှေ့ဝန်းကျင်မှာ စောင့်ဆိုင်းနေကြပါတယ်။

by ​အေး​နိုင် - ဒီဗွီဘီ

0 comments:

Post a Comment