Pages

Monday, July 2, 2012

"ရခိုင်ပြည်နယ် အတွင်း၌ ၂ဝ၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့ လုပ်ရပ်များ အပေါ် ဖော်ထုတ် အရေးယူလျက်ရှိ"


နေပြည်တော် ဇူလိုင် ၁

ရခိုင်ပြည်နယ် အတွင်း၌ ၂ဝ၁၂ခုနှစ် မေလနှင့် ဇွန်လတို့တွင် တည်ငြိမ် အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေခဲ့သည့် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့သော ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းရွာနေ မသီတာထွေး (ဘ) ဦးလှတင်အား လူငယ်သုံးဦးက သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်၊ ဇွန်လ ၃ ရက်က ဖြစ်ပွားခဲ့သော တောင်ကုတ်မြို့၌ ရိုးမသစ္စာ ယာဉ်ပေါ်ပါ လူပုဂ္ဂိုလ် ၁ဝ ဦး အသတ်ခံရမှု ဖြစ်စဉ်နှင့် ဇွန်လ ၃ ရက်က ဖြစ်ပွားခဲ့သော စစ်တွေမြို့ အမှတ်(၁) ရဲစခန်းအား လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့် အညီ အရေးယူ နိုင်ရေးတို့ အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂ဝ၁၂ ခုနှစ် ဇွန်လ ၆ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၄၃/၂ဝ၁၂) အရ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဥက္ကဌ အဖြစ် ပါဝင်သော ၁၆ ဦးပါ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။


အဆိုပါ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ဇွန်လ ၇ ရက်မှ ၂၅ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာတို့သို့ သွားရောက် စစ်ဆေးခဲ့သည်။

မေလ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ကျောက်နီမော် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေး ဖော်ထုတ်ချက် အရ တရားခံ သုံးဦးအား မေလ ၂၉ ရက်တွင် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး အရေးယူ ဆောင်ရွက်ခဲ့ရာ တရားခံ တစ်ဦးမှာ ဇွန်လ ၉ ရက်နေ့တွင် ကျောက်ဖြူ အကျဉ်းထောင်၌ ချုပ်နှောင်ထားစဉ် ထောင်ထဲ၌ မိမိကိုယ်ကို မိမိ ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး ကျန်တရားခံ နှစ်ဦးအား ကျောက်ဖြူခရိုင် တရားရုံးမှ ဇွန်လ ၁၈ ရက်တွင် သေဒဏ် အမိန့် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဇွန်လ ၃ ရက်တွင် ဖြစ်ပွားခဲ့သော တောင်ကုတ်မြို့ ဖြစ်စဉ်ကို အမှုဖွင့် အရေးယူ စုံစမ်း ဖော်ထုတ်ခဲ့ရာတွင် တာဝန်ရှိ ပြည်သူများနှင့် ပူးပေါင်း ဖော်ထုတ်မှု အရ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်နိုင်သူ ၃ဝ ဦးအား ဖော်ထုတ် ရရှိခဲ့သဖြင့် တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ဇွန်လ ၃ ရက်တွင် ဖြစ်ပွားခဲ့သော စစ်တွေမြို့ ဖြစ်စဉ်ကိုလည်း အမှုဖွင့်စုံစမ်း ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂၄ ဦး ဖော်ထုတ်နိုင်သည့် အနက် ၁၉ ဦးအား စစ်တွေရဲစခန်းမှ ဖမ်းဆီး စစ်ဆေးလျက် ရှိသည့်အပြင် ကျန်ငါးဦးကိုလည်း ဆက်လက် စုံစမ်း ဖမ်းဆီးကာ တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်များအရ တရားခံများအား ဖမ်းဆီး ထိန်းသိမ်းကာ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက် တရား ဥပဒေနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ပေါ်ပြုလာသတင်းမီဒီယာ

0 comments:

Post a Comment