Pages

Monday, July 2, 2012

တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ၂၀၁၅ မတိုင်မီ နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းပြောကြား



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ Road Map မှာ အဆင့် ၃ ဆင့် ပြောထားပြီးဖြစ်ပါတယ်။ အဲဒီအဆင့် ၃ ဆင့်ထဲမှာ ပထမဆင့်မှာ အပစ်အခတ်ရပ်စဲဖို့ ဒုတိယအဆင့်မှာ Political Dialouge တွေ လုပ်မယ်။ နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေလုပ်ပြီးလို့ စိတ်ချရတဲ့အနေ အထား ရောက်လာရင် တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးရှိပါတယ်။ 
တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး၊ အဲဒီ အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေလည်း ပါမယ်။ အန်င်ဂျီအိုတွေလည်း ပါမယ်။ အဲဒီအဖွဲ့တွေ ပါဝင်တဲ့ အစည်းအဝေးကြီး တစ်ခု နေပြည်တော်မှာ ကျင်းပပါမယ်။ ကျင်းပတဲ့ အကြောင်းရင်းကလည်း သူတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူ အခွင့်အရေးတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အုပ်ချုပ်ခွင့်ရရှိရေးတွေ ဒါတွေ တောင်းဆိုကြမယ်။ သူတို့တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ ဖွဲ့စည်း ပုံ အခြေခံဥပဒေထဲမှာ ပါတဲ့ဟာတွေ အားလုံးကို ကျွန်တော်တို့ ပေးလို့ရပါတယ်။ အခြေခံဥပဒေမှာ မပါတဲ့ဟာ တွေတောင်းလာရင် ပေးလို့ မရပါဘူး။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးမှ ပေးလို့ရမယ့်ဟာတွေဆိုရင် ကျွန်တော် လုပ်လို့မရပါဘူး။ အစည်းအဝေးကြီးကို နေပြည်တော်မှာ လုပ်မယ်။ လွှတ်တော်ကလည်း နေပြည်တော်မှာ ရှိနေတယ်။ ဒီဘက်ကလည်း မဖြေရှင်းနိုင်တဲ့ ဥပဒေကို လွှတ်တော်ထဲကို ပို့လိုက်မယ်။ လွှတ်တော်ထဲကနေ ဒီဥပဒေကို ပြင်ပေးပြီးရင် ဒီကိုပြန်ပို့မယ်။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ ဟိုဘက်အဆောက်အဦ ဒီဘက်အဆောက်အဦ ဒီလိုကျွန် တော်တို့က လုပ်သွားမှာဖြစ်တယ်။

 တိုင်းရင်းသားတွေက ပြောတယ်။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ပဲနဲ့ ကျွန်တော်တို့က ဒီအခွင့်အရေးကို ဘယ်လိုလုပ်ရမှာလဲ။ မဟုတ်ဘူး အဲဒီအခွင့်အရေးကို မရလို့ ရအောင်လုပ်ပေးတာ ဖြစ်တယ်။ နေပြည်တော်မှာ တိုင်း ရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီး လုပ်တာဖြစ်တယ်။  အဲဒီကနေမှ လွှတ်တော်ကိုပို့မှာဖြစ်တယ်။ လွှတ်တော်က ပြင်ပေးလို့ရတဲ့ ကိစ္စကို ပြင်ပေးမှာပဲဖြစ်တယ်။ ဒီအခွင့်အရေးကို ရအောင်လုပ်ပေးတာပဲဖြစ်တယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''ကျွန်တော်တို့အစိုးရဟာ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူပေးထားတာ ဖြစ်တယ်။ အဲဒီတော့နောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ နောက်တက်မယ့် အစိုးရလက်ထဲကိုတော့ ဒီတာဝန်တွေကို လွှဲမပေးခဲ့တော့ဘူးဗျာ။ ၂၀၁၅ ခုနှစ်မတိုင်ခင်မှာ ကြိုးစားပြီးတော့ ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ဘယ်တော့လောက်လဲဆိုတာတော့ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ သူတို့ ပူးပေါင်းဆောင်ရွက်တာ မြန်မယ်ဆိုရင် မြန်မြန်ရောက် မှာပါပဲ။ သို့သော်လည်း နောက်အကျဆုံးအချိန်ဟာ ၂၀၁၅ ခုနှစ်မတိုင်ခင် လုပ်သွားမယ်ဆိုတာကို တင်ပြလိုပါတယ်''ဟု ပြောကြားခဲ့သည်။
Ref: Eleven Media

0 comments:

Post a Comment