Pages

Friday, June 22, 2012

SSA-North တပ်တွေ တိုက်ပွဲဖြစ်တဲ့နေရာက ဆုတ်ပေး


SSA-North တပ်တွေ တိုက်ပွဲဖြစ်တဲ့နေရာက ဆုတ်ပေး

(ဓါတ်ပုံ SHAN) 

ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ နဲ့ပတ်သက်လို့ မန္တလေးမြို့မှာ SSA မြောက်ပိုင်းနဲ့ အစိုးရဖက်က နှစ်ဖက်တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် အစိုးရဘက်က တောင်းဆိုချက်အရ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်းတပ်စခန်းနေရာကို SSA က ဆုတ်ခွာပေးလိုက်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်နေ့ကစပြီး မနေ့ကအထိ ရှမ်းပြည်မြောက်ပိုင်းနယ်မြေ အတွင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား နေတာနဲ့ ပတ်သက်လို့ ဒီကနေ့ နေ့လည် ၁၂ နာရီခန့်က မန္တလေးမြို့ရှိ ရိုဆာ မန္တလေးဟော်တယ် မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆရ်မ် ဦးစီးတဲ့အဖွဲ့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် တို့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်ဆွေးနွေးခဲ့ကြတာတွေနဲ့ပတ်သက်လို့ SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ကျနော်တို့ တင်ပြတာတော့ အချက် ၂ ချက်ပဲလေ၊ သဘောတူညီချက် အရင်က လက်မှတ်ထိုးထားတဲ့ အတိုင်းပေါ့နော့်၊ ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ ယာယီနေထိုင်ဖို့ ပြီးတော့ နယ်မြေ ဖြတ်သန်းကျော်လွှားပါက ကြိုတင်ပြီးတော့ ညှိနှိုင်းဖို့၊ သူက နောက်ထပ် တရားဝင်ပေါ့ ပြည်ထောင်စုအဆင့်နဲ့ တွေ့ဆုံဖို့၊ အခု ဖြစ်တဲ့ပြသနာကို နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ဖို့ပေါ့နော် ပြသနာ မကြီးထွားအောင်ပေါ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ပေါ့နော့်။ ဆွေးနွေးချက်ကို ဦးသိန်းဇော်က သမတ ကြီးဆီတင်ပြပေးမယ်၊ သမတကြီးကလည်း လုံခြုံရေးကောင်စီ ကို ပြန်ပြီးတော့ ပြောမယ်ထင်တယ်။"

ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်မဖြစ်ဖို့နဲ့ နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်ဖို့ဆိုပြီး အစိုးရဖက်ကတောင်းဆိုချက်အရ မနေ့က နေ့လည်ပိုင်းအထိ အစိုးရတပ်တွေ ၀င်ရောက်တိုက်ခိုက်နေတဲ့ မိုင်းရှုးမြို့နယ် မိုင်းအွတ်ကျေးရွာအုပ်စု ဟွေ့လွတ်ကျေးရွာအနောက်ဖက်က SSA မြောက်ပိုင်းတပ်ရဲ့ လွိုင်ဖာဖိန့်တပ်စခန်းကို ဒီကနေ့မှာ SSA ဖက်က ထပ်မံဆုတ်ခွာပေးခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့တွေဆုတ်ခွာပေးခဲ့ပြီးနောက် နှစ်ဖက် ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားတာ မရှိတော့ဘူးလို့ သိရပါတယ်။

ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တို့ ဒီလကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ အစီအစဉ်ကိုတော့ ရခိုင်ပြည်နယ်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ခေတ္တဆိုင်းငံ့ထားပြီး ပြန်လည်အကြောင်းကြားသွားမယ်လို့ ဦးသိန်းဇော် က ဒီကနေ့ ပြောတယ်လို့ သိရပါတယ်။

RFA (Burmese)

0 comments:

Post a Comment