Pages

Friday, June 22, 2012

ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ဆိုင်ခန်းများအား တပ်စည်ပင်က ဖြိုချရှင်းလင်း

ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ဆိုင်ခန်းများအား တပ်စည်ပင်က ဖြိုချရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ဆိုင်သုံးဆိုင်မှာ တပ်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းကြောင့် တပ်စည်ပင်သာယာရေးအဖွဲ့က ဖြိုချရှင်းလင်းမှုများ ပြုလုပ်ခဲ့ သည်။
ကာကွယ်ရေးဝန်ကြီးဌာနပိုင်သော စစ်တပ်မြေများအနက်မှ (ဧက ၅ဒသမ၉၃၆)ရှိ တပ်မြေပေါ်တွင် စိန်ပန်းခိုင်၊ Win Let နှင့် စိမ်း(ကုန်စုံဆိုင်)တို့သည် ကျူးကျော်ဆိုင်ဖွင့်လှစ်ခြင်းကြောင့် ဖယ်ရှားပေးရန် သတိပေးတား မြစ်  ချက်ထုတ်ပြန်ခဲ့သော်လည်း ဖယ်ရှားခြင်း မရှိသောကြောင့် သက်ဆိုင်ရာမှ အင်အားသုံးကာ ယခုကဲ့သို့ ဖယ်ရှားရခြင်း ဖြစ်သည်။

 
 
“ကျူးကျော်ဆိုပြီး ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ ဒါပေမဲ့ ဖယ်ရှားပေးတာမျိုး မရှိဘူး။ အဲ့ဒါကြောင့် တပ်စည်ပင် အာဏာပိုင် ၁၉၅၅ အိမ်မှုခင်း ဥပဒေအရ အင်အားသုံးပြီး ဖယ်ရှားရခြင်း ဖြစ်ပါတယ်။ “ဟု တပ် စည်ပင်သာယာရေးအဖွဲ့မှ တပ်မြေ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ပြောသည်။
ဖယ်ရှားခြင်းခံရသော ဆိုင်(၃)ဆိုင်မှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသော တရားဝင်လိုင်စင်မရှိခြင်း နှင့်မြေငှားရမ်းခပေးဆောင်မှု မရှိခြင်းကြောင့် ကျူးကျော်အဖြစ် သတ်မှတ်ကာ ဖယ်ရှားခိုင်းခြင်း  ဖြစ်ကြောင်း တပ်မြေ ကြီးကြပ်ရေးမှူးက ဆိုသည်။
 
 
ကျူးကျော်ဆိုင်ဖြစ်ခြင်းကြောင့် ဖယ်ရှားခံရသော ဆိုင်ပိုင်ရှင်များကလည်း ဆိုင်ခန်းစတင်ဖွင့်လှစ်ချိန်တစ်လလျှင် ကျပ်(၃) သောင်းနှုန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ပေးဆောင်ခဲ့ကြောင်းနှင့်နောက်ပိုင်းတွင်   ကောက်ခံခြင်း မရှိတော့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။
“ဆိုင်ဖွင့်ချိန်တုန်းကတော့ တစ်လကို သုံးသောင်းနှုန်းနဲ့ စည်ပင်ကို ပေးတယ် နောက်ပိုင်းကျတော့ လာ မကောက်တော့ဘူး လာမကောက်တော့ဘဲနဲ့ ကျွန်တော့် အမဆိုင်ကို ဖျက်မယ်ဆိုပြီး လာတာပဲ။” ဟု ၀င်းလက်(ကွေ့တီယို)ဆိုင်မှ ကိုဇော်ဝင်းက ပြောသည်။
အဆိုပါမြေသည် မြို့မကျောင်းသာသနာပိုင်မြေဖြစ်ခြင်းကြောင့် ကျောင်းထိုင်ဘုန်းကြီး၏ ခွင့်ပြုချက်ဖြင့် ဆိုင်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကိုလည်း ဆိုင်ပိုင်ရှင်များက ဆိုသည်။
“ ဒီနေရာက သာသနာပိုင်နယ်မြေပေါ့၊ ဘုန်းကြီးတွေရဲ့ခွင့်ပြုချက်နဲ့ ကျွန်မတို့က ဖွင့်နေတာပေါ့။ တပ်စည်ပင်ကနေပြီးတော့ ဖျက်ပေးပါ ဖျက်ပေးပါနဲ့ အခု လာဖျက်နေတယ်” ဟု စိန်ပန်းခိုင်(ထမင်းဆိုင်)မှ ဆိုင်ပိုင်ရှင် မကေသွယ်က ပြောသည်။
 
 
တပ်မြေဟုဆိုသော အဆိုပါမြေနေရာသည် မည်သူတစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်သော မြေမဟုတ်ကြောင်း အိမ်တော်ရာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
 
 
“အဲ့မြေကပြောရရင် ဘယ်သူမှ မပိုင်ဘူး ဘာလို့လဲဆိုတော့ ဟိုးတုန်းကဆိုရင် ခရစ်ယာန်သာသနာ နယ်မြေ ဖြစ်တယ်၊ အင်္ဂလိပ်လက်ထက်ရောက်တော့ မဟုတ်တော့ဘူး၊ တပ်မတော် လက်ထက်ရောက်တော့ မြေကို အေ၊ဘီ၊စီ ဆိုပြီး သုံးပိုင်းခွဲလိုက်တယ်။ ခရစ်ယာန်မြေက အလယ်ရောက် သွားတယ်။ သာသနာနယ်မြေလို့လဲ ပြောလို့လဲမရဘူး တပ်မြေလို့လဲ ပြောလို့မရဘူး၊ ဒါပေမဲ့ တပ်ကလည်း သူတို့က သမ္မတဆီစာတင်ထား တယ်လို့ပြောတယ် ဘုန်းဘုန်းတို့ကလည်း ၂၀၁၀ ဇွန်လတုန်းက  အသုံးပြုဆဲ ဓမ္မရုံနဲ့ ကျောင်းတ၀ိုက်ကို နယ်မြေပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပေးပါဆိုပြီး  သမ္မတဆီကို စာတင်ထားတယ် “ဟု အိမ်တော်ရာ ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော်က မိန့်သည်။
 
 
ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် အခြားဆိုင်ကြီးများ ရှိသော်လည်း အဆိုပါ ဆိုင်ကြီးများမှာ တရားဝင်မြေငှားရမ်းခ ပေးဆောင်ကာ တရားဝင် လိုင်စင်ရှိခြင်းကြောင့် ဖယ်ရှားရမည် မဟုတ်ဟု တပ်စည်ပင်သာယာရေးအဖွဲ့က သိရှိရသည်။
  
ဝင့်သင်ဇာကျော် (မြစ်မခ)

 
 


0 comments:

Post a Comment