Pages

Sunday, June 26, 2016

ခိုက်ရန်ဖြစ်ပွားမှုကိုအခြေခံပြီး ဗလီဝတ်ကျောင်းတော်နှင့် မွတ်စလင်မ်ပိုင်အိုးအိမ်များကို မင်းမဲ့စရိုက်ဆန်စွာဖျက်ဆီးမှုဖြစ်ပွား


RangonNewsDaily::Sunday. June 26. 2016 
ရွာထဲမှာ ဘယ်မွတ်စလင်မ်မှ နေလို့မရတော့ဘူး (သူရဲသမိန်ကျေးရွာနေ မွတ်စလင်မ်တစ်ဦး)
အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကိုအခြေခံပြီး ဗလီဝတ်ကျောင်းတော်နှင့် မွတ်စလင်မ်ပိုင်အိုးအိမ်များကို မင်းမဲ့စရိုက်ဆန်စွာဖျက်ဆီးမှုတစ်ရပ် ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင်ဇွန်လ ၂၃ရက့် နေ့လည် ကဖြစ်ပွားခဲ့သည်။

“ဗလီကိုဖြိုတယ်၊ မဒရဆာကိုဖြိုတယ်၊ ပြီးတော့ ကျွန်တော်တို့ (မွတ်စလင်မ်တွေ)ကိုလိုက်ရိုက်တယ်။ တချို့လယ်ကွင်းတွေထဲထွက်ပြေးတယ်၊ ကျတော်တို့က အရင်ဆုံးဆေးရုံထဲဝင်ပြေးကြတာ။ ဆေးရုံထဲကိုပါဝင်ပြီးဝိုင်းဖျက်ဖို့လုပ်တော့ ဆေးရုံထဲက ရဲစခန်းက လှမ်းခေါ်ထားလို့ စခန်းထဲမှာ အခုအထိ နေနေရတာ”ဟု လုံခြုံရေးအနေအထားအရ အမည်မဖေါ်လိုသူ အစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။



သူရဲသမိန်ကျေးရွာ အမှတ် ၂ ရပ်ကွက် တွင် “ဖိုး”စတား အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်လှစ်ထားသည့် ဟာဂျီ်ဦးရာရှစ်နှင့် အိမ်နီးချင်း ဗုဒ္ဓဘာသာဝင် ဦးမောင်ပြုံး ၊ အခြားအိမ်နီးခြင်း ခင်သီတာထွေးတို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ယနေ့နေ့လည် ၁ နာရီဝန်းကျင်မှစတင်ကာ အစ္စလမ်ဘာသာဝင်ပိုင် အိမ်ဆောက်ပစ္စည်းဆိုင်အား ဖြိုဖျက်မှုစတင်ခဲ့ပြီး အထက်ပါအတိုင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကိုရာရှစ်ရဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ကို စဖျက်တယ်။ ပြီးတော့
နေ့လည် ၁ နာရီလောက်မှာ ကတည်းကလူစုနေတာ၊ ၃ နာရီခွဲလောက်ကလေးတွေကျောင်းလွတ်ချိန်လည်းပြီးရော ကုလားတွေကိုသတ်၊ ကလေးကအစသတ်ဆိုပြီးတော့ ဗလီကိုပါဖြိုပစ်တာ”ဟု ရဲစခန်းတွင်ခိုလှုံနေရသူ သူရဲသမိန်ဒေသခံတစ်ဦးကပြောသည်။

ဒေသခံအများစုပါဝင်သည့် အထက်ပါအကြမ်းဖက်မှုကြောင့် ဟာဂျီဦးရာရှစ် မှာ ဦးခေါင်းကွဲသည့် ဒဏ်ရာရရှိထားပြီး ယခုအချိန်တွင် ခိုက်ရန်စတင်ဖြစ်ပွားသည့် ၂ ဘက်အုပ်စုများကို ရဲစခန်းအတွင်း စစ်မေးလျှက်ရှိကြောင်း ဒေသခံမွတ်စလင်မ်တစ်ဦးက Myanmar Muslim Media သို့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင်ပြောသည်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၃၀ ကျော်နှင့် မွတ်စလင်မ် ၁၂၀ ၀န်းကျင်နေထိုင်သည်။အစ္စလာမ်ဘာသာဝင်များအားပစ်မှတ်ထားတိုက်ခိုက်သည့်အကြမ်းဖက်မှုဖြစ်သောကြောင့် သူရဲသမိန်ရွာအတွင်းအစ္စလာမ်ဘာသာဝင်များနေထိုင်နိုင်ခြင်းမရှိဘဲ ရဲစခန်းအတွင်း လူဦးရေ ၈၀ ၀န်းကျင်ခိုလှုံနေရပြီးအချို့မှာ အဆက်အသွယ်ပြတ်လျှက်ရှိကြောင်းလည်းသိရသည်။

“ဒီနေ့တော့ ၀ါဖြေ(ဥပုဒ်ထွက်)တာတောင် ရေသောက်ပြီးဖြေထားရတယ်။အခုအချိန်အထိဘာမှမစားရသေးဘူး”ဟု သူရဲသမိန်ကျေးရွာဒေသခံတစ်ဦးက ယနေ့ည ၈ နာရီကျော်တွင် Myanmar Muslim Media သို့ပြောသည်။
ဓါတ်ပုံ - အကြမ်းဖက်မှုကြောင့် ရဲစခန်းအတွင်း ခိုလှုံနေရသည့် အစ္စလာမ်ဘာသာဝင်များကို ဇွန်လ 23 ရက်နေ့ ည 9 နာရီ ခွဲခန့်က တွေ့ရပုံ
ဟိန်းအောင် (Myanmar Muslim Media)
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment