Pages

Friday, May 6, 2016

ရန်ကင်းစင်တာဘေးတွင် အမျိုးသမီးကို ချစ်သူဟောင်းက ဓားဖြင့်ဆင့်ထိုး


RangonNewsDaily::Friday. 6 May. 2016
ရန်ကင်းမြို့နယ် ရန်ကင်းစင်တာဘေး လမ်းသွယ်တွင် ဧပြီလ ၃၀ ရက် ည ၉ နာရီက အသက် ၂၈ နှစ် အရွယ် အမျိုးသမီးကို ၎င်း၏ ချစ်သူဟောင်း အမျိုးသားက ဓားဖြင့် ဆင့်ထိုးခဲ့ပြီး ဝင်ရောက် ဖျန်ဖြေသော အမျိုးသမီး တစ်ဦးနှင့် လုံခြုံရေးဝန်ထမ်း အမျိုးသားတို့ကိုပါ ဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
အသက် ၂၉ နှစ် အရွယ် ကိုရန်လင်းပိုင်မှာ ၎င်းကို ချစ်သူအဖြစ်မှ အဆက်အသွယ်ဖြတ်ခဲ့သော ရန်ကင်းစင်တာ စီးတီးမတ်မှ Cashier အဖြစ် အလုပ်လုပ်ကိုင်သော အမျိုးသမီးကို အလုပ်ဆင်းချိန်တွင် အပြင်မှ စောင့်ဆိုင်းခဲ့ကြောင်း၊ ယင်းနောက် စင်တာ ဘေးလမ်းသွယ်သို့ အမျိုးသမီးကို ခေါ်ဆောင်ကာ ဓားဖြင့်ဆင့်ထိုးခဲ့ပြီး ချစ်သူဟောင်းနှင့် အတူပါလာသော အသက် ၂၄ နှစ် အရွယ် အမျိုးသမီးက ဝင်ရောက် ဖျန်ဖြေသဖြင့် ၎င်းပါ ဓားဖြင့် အထိုးခံရပြီး အမျိုးသားကို ဝင်ရောက်ဖမ်းဆီးသော အသက် ၅၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးပါ ဓားဖြင့် ထပ်မံ ထိုးခံရကြောင်း ရန်ကင်းစင်တာရှိ လုံခြုံရေးဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
.
“ဓားနဲ့ထိုးသူက စကားပြောစရာရှိတယ်ဆိုပြီး ကောင်မလေးကို စင်တာဘေးက လမ်းသွယ်ထဲ ခေါ်သွားတာ၊ ဘာလို့ သူ့ကို အဆက်ဖြတ်ခဲ့တာလဲ မေးရင်း ပါလာတဲ့ ဓားနဲ့ ဆင့်ထိုးချိန် ကောင်မလေးနဲ့ အတူ ပါလာတဲ့မိန်းကလေးက ဝင်ဆွဲလို့ သူကိုပါ ဓားနဲ့ထပ်ထိုးတယ်။ ရန်ကင်းစင်တာက လုံခြုံရေးဝန်ထမ်းက ဓားနဲ့ထိုးသူကို ဝင်လုံးဖမ်းရင် သူပါ ဓားနဲ့ ထပ်ထိုး ခံရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သံတွေကြောင့် အနီးနားက ကားသမားနဲ့ ရပ်ကွက်နေသူတွေ ရောက်လာပြီး ဝိုင်းဖမ်းဆီးခဲ့တယ်”ဟု ရန်ကင်းစင်တာ စီးတီးမတ်မှ လုံခြုံရေးဝန်ထမ်း အမျိုးသား တစ်ဦးက ပြောကြားသည်။
.
ဓားဖြင့် အထိုးခံရသော အသက် ၂၈နှစ် အရွယ် အမျိုးသမီး၏ လက်မောင်း၊ လက်ဖျံနှင့် လည်ပင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း၊ အသက် ၂၄နှစ် အရွယ် အမျိုးသမီး၏ ညာလက်မောင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ အသက် ၅၈ နှစ် အရွယ် ရန်ကင်းစင်တာ စီးတီးမတ်မှ လုံခြုံရေးဝန်ထမ်း ဦးမြင့်အောင်၏ ဘယ်ပေါင်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ဓားဖြင့်ထိုးသော ကိုရန်လင်းပိုင်ကို ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ဓာတ်ပုံ - ခိုင်စိုးလင်း::--The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment