Pages

Saturday, March 12, 2016

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးကို ပြင်သစ်၌ စတင်စမ်းသပ်ပြေးဆွဲ


RangonNewsDaily::March . 12 .2016
ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် သင်္ဘောကြီး Harmony of the Seas သည် မတ် ၁၁ ရက်က ၎င်း၏ပထမဆုံး စမ်းသပ်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံ အနောက်ပိုင်း စိန့်နာဇိုင်ရီမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပုံမှန်ခရီးစဉ်ကို နောက်နှစ်လအကြာတွင် ပြေးဆွဲတော့မည်ဖြစ်သည်။

ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိသော ထိုသင်္ဘောကြီးကို စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX တွင် အမေရိကန် သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း Royal Caribbean International (RCI) အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိသော သင်္ဘောကြီးကို ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့် ပင်လယ်ထဲသို့ ရေချမှုကို ဆိပ်ကမ်းတွင် လာရောက်စောင့်ကြည့်သူ ထောင်ချီရှိခဲ့ကြောင်း သိရသည်။







မတ် ၁၃ ရက်နေ့အထိ ကြာမြင့်မည့် အစမ်းခရီးစဉ်အတွက် သင်္ဘောပေါ်တွင် ပိုင်ရှင်များ၏ ၀န်ထမ်းများ၊ သင်္ဘောသားများ၊ အင်ဂျင်နီယာများ အပါအ၀င် လူ ၅၀၀ ခန့် လိုက်ပါသွားကြကြောင်း သိရသည်။ အမြင့်ပေ ၂၁၀ (မီတာ ၇၀) ရှိသော ထိုသင်္ဘောကြီးကို မိုင်ပေါင်းများစွာအကွာကပင် မြင်တွေ့နိုင်ကြောင်း သိရသည်။
သင်္ဘောကုန်းပတ်တွင် အထပ် ၁၆ ထပ်ပါဝင်ပြီး အီဖယ်မျှော်စင်အမြင့်ထက် မီတာ ၅၀ ပိုမိုသော ၃၆၂ မီတာ (၁၁၈၇ ပေ) ရှည်လျားသည့် ထိုသင်္ဘောပေါ်ကြီးပေါ်သို့ ခရီးသွားများ ၀င်ရောက်ကြည့်ရှုခြင်းကို လပေါင်းများစွာ ခွင့်ပြုထားခဲ့သည်ဟု သိရသည်။ Harmony သည် တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရသည်။ သင်္ဘောကြီးထဲတွင် လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါကြောင်း သိရသည်။

လှည့်စားမှုများသော စိန့်နာဇိုင်ရီ မြစ်ဝမှထွက်သည့် ခရီးစဉ်တွင် ကပ္ပတိန်ကို ကူညီ၍ လမ်းပြပေးရန် ရေကြောင်းပြသူသုံးဦးကို ပြီးခဲ့သည့်တစ်နှစ်လုံး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုရေကြောင်းပြများက သင်္ဘောကြီး ပင်လယ်ထဲသို့ရောက်ပြီး ၁၂ မိုင်အကွာအတွင် သင်္ဘောပေါ်မှ ပြန်လည်ထွက်ခွာသွားကြမည် ဖြစ်သည်။
Harmony သင်္ဘောကြီးပေါ်တွင် လိုက်ပါကြမည့် ခရီးသည်ပေါင်း ၆၀၀၀ ကို ၀န်ဆောင်မှုပေးရန် ၀န်ထမ်း ၂၀၀၀ ခန့်လိုအပ်မည်ဟု သိရသည်။ Harmony သည် RCI အပိုင်ပင်ဖြစ်သည့် လက်ရှိအကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးများဖြစ်ကြသည့် Allure of the Seas နှင့် Oasis of the Seas တို့ထက် တစ်မီတာ ပိုမိုကျယ်ပြန့်သည်ဟု သိရသည်။ ထိုသင်္ဘောကြီး နှစ်စင်းမှာလည်း ၃၆၂ မီတာ ရှည်လျားကြသည်။ Harmony ၏နောက်ထပ် စမ်းသပ်ခရီးစဉ်ကို ဧပြီလမကုန်မီ စတင်မည်ဖြစ်ပြီး ခရီးစဉ်များကို မေ ၁၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်သည်။

မတ် ၁၀ ရက်က ပြင်သစ်အနောက်ပိုင်း စိန့်နာဇိုင်ရီရှိ STX သင်္ဘောကျင်းမှ ထွက်ခွာနေသော ကမ္ဘာ့အကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီး Harmony of the Seas ကိုတွေ့ရစဉ်
Ref : AFP , Eleven Media Group , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment