Pages

Sunday, February 21, 2016

ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့၌ အမြန်ဘတ်စ်ကားလိုင်း အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေး


RangonNewsDaily:: February . 21 .2016
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် BRT အမြန်ယာဉ် တစ်စီးအား တွေ့ရစဉ်
ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့၌ အမြန်ဘတ်စ်ကားလိုင်း အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် အမြန်ဘတ်စ်ကားလိုင်းအား ဖေဖော်ဝါရီ ၇ ရက်မှ စတင်၍ လမ်းaကြာင်း (၁) အနေဖြင့် ထောက်ကြန့်မှ ဗိုလ်ချုပ်လမ်းအထိ ပြည်လမ်းအတိုင်း စတင်ပြေး ဆွဲခဲ့ကြောင်း၊ ထိုသို့ပြေးဆွဲရာတွင် မြေပြင်အခက်အခဲများစွာ ရှိနေပြီး အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲခွင့် ရရှိသည့် ယာဘက်အစွန် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိနေသဖြင့် အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ဘတ်စ်ကားစီး ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရသဖြင့် ယင်းအချိန်များကို မကုန်ဆုံးရန်နှင့် သက်သောင့်သက်သာ စီးနင်းနိုင်ရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်းကို ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြေးဆွဲရန်အတွက် ပြည်လမ်း၏ ယာဘက်အစွန် ယာဉ်ကြောအား အသုံးပြုခွင့် ရရှိခဲ့ကြောင်း၊ သို့သော် လက်ရှိ ရန်ကုန်မြို့၏ လမ်းအနေအထားများအရ အခြားခရီးသည်တင်ယာဉ်များနှင့် ရောထွေးမောင်းနှင်နေရခြင်းကြောင့် လျင်မြန်စွာ မောင်းနှင်ရန် အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ပညာပေးထားပေမယ့် တကယ်ပြေးဆွဲတဲ့ အခါမှာ မြေပြင်မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ အမြန်ဘတ်စ်ကား ပြေးဆွဲခွင့်ရရှိတဲ့ ညာဘက်အစွန် ယာဉ်ကြောမှာ ပိတ်ဆို့မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သိပ်တော့ အမြန်မဆွဲနိုင်ဘူး” ဟု ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ပြောကြားသည်။
စတင်ပြေးဆွဲသည့် အချိန်ကာလ ဖြစ်သောကြောင့် ယင်းသို့အခက်အခဲများစွာ ရှိနိုင်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲသွားနိုင်မည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် အမြန်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့စဉ်က လူစီးနည်းခဲ့သော်လည်း ယခုရက်ပိုင်းများအတွင်း စီးနင်းသူ ခရီးသည်များပြားလာပြီး တစ်ခါတစ်ရံ ရုံးတက်ရုံးဆင်းချိန်များတွင် ထိုင်ခုံစေ့သွားသည့်အပြင် မတ်တတ်ရပ် စီးနင်းရသည့် ခရီးသည်များပင် ရှိလာကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ဆိုသည်။
“အခုနောက်ပိုင်းတော့ တော်တော့်ကို လူသိများလာတယ်။ ဒီကားစီးဖို့ ကတ်စနစ် ဖြတ်ထားတာကိုပဲလူ ၂၀၀၀ လောက်ရှိသွားပါပြီ” ဟု ဒေါက်တာ မောင်အောင်က ပြောကြားသည်။

အမြန်ဘတ်စ်ကားလိုင်းအတွက် ပြည်ပမှ မော်တော်ယာဉ် အသစ်များ မှာယူပြေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၈ စီးဖြင့် ပြေးဆွဲနေခြင်းဖြစ်ကာ နောက်ထပ် ကားအစီးရေ ၂၇ စီး ထပ်မံရောက်ရှိလာသဖြင့် လမ်းကြောင်း ၂ အနေဖြင့် ထပ်မံတိုးချဲ့ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
လမ်းကြောင်း ၂ သည် ထောက်ကြန့်မှ ပြည်လမ်းအတိုင်း မောင်းနှင်လာပြီး ရှစ်မိုင်သို့ ရောက်ရှိပါက ကမ္ဘာအေးစေတီလမ်းပေါ်သို့ ချိုးကွေ့ကာ ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ ဗိုလ်တထောင်ဘုရားလမ်းတို့ကို ဖြတ်သန်းကာ ယင်းမှ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်းမှတစ်ဆင့် ပြည်လမ်းပေါ်သို့ ပြန်တက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်းများတွင် အဲကွန်းစနစ် ပါဝင်ပြီး လက်မှတ်များကို ကားများပေါ်၌ပင် အလွယ်တကူ ၀ယ်ယူနိုင်မည်ဖြစ်၍ ယာဉ်စီးခမှာ ပုံသေကျပ် ၃၀၀ ဖြစ်ကြောင်း သိရသည်။
EMG , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment