Pages

Monday, August 10, 2015

တပ်မတော်သားအချို့ကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်

RangonNewsDaily:: August . 10 .2015
ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော် စစ်သားစုဆောင်းရေးတပ်၊ သမ္မတအိမ်တော် အထူးတပ်ဖွဲ့မှ အရာရှိနှစ်ဦးနှင့် တပ်မတော်သား ဆရာဝန်သုံးဦးကို ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ကဏ္ဍအသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အတည်ပြုခန့်ထားလိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ယင်းသို့ ပြောင်းရွှေ့ခန့်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက တပ်မတော်သားများသည်လည်း နိုင်ငံ့ဝန်ထမ်း ဖြစ်သောကြောင့် လုပ်ငန်းလိုအပ်ချက်အရ ပြောင်းရွှေ့ခန့်ထားခြင်း ဖြစ်ပြီး အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ကုသရေးဆိုင်ရာများကို လေ့ကျင့်ထားပြီးသူများသာ ဖြစ်ကြောင်း ပြောကြားသည်။
“အရေးကြီးတာ အလုပ်လုပ်ဖို့ပါပဲ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။


အမှတ် (၂) တပ်မတော် စစ်သားစုဆောင်းရေးတပ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန်းကို ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး)၊ သမ္မတအိမ်တော် အထူးတပ်ဖွဲ့ ဗိုလ်မှူးဇော်မိုးမြင့်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး) အဆင့်ဖြင့် ဇူလိုင်လကုန်က ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က အတည်ပြု ပြောင်းရွှေ့ခန့်ထားခြင်း ဖြစ်သည်။

ထို့ပြင် ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်မှ ပထမတန်းပါရဂူ (ပြည်သူ့ကျန်းမာရေး) ဗိုလ်မှူးရန်နောင်ထွန်းကို ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရေး)၊ အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင် ၃၀၀ မြစ်ကြီးနားမှ ပါရဂူ ဗိုလ်ကြီးဇာနည်မြင့်ရွှေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန် (ဆေးပညာ) ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာန၊ အမှတ် (၇) စစ်မြေပြင် ဆေးတပ်ရင်း မုံရွာမြို့မှ ဗိုလ်ကြီးသိန်းထက်သိန်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန် (ဆေးပညာ) အဖြစ် ခန့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တပ်မတော်သားများကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားသည့် ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက် မီဒီယာများတွင် ဝေဖန်ပြောဆိုလျက်ရှိပြီး တပ်မတော်နှင့် အရပ်ဘက် ဆက်ဆံရေးသည်လည်း အပြန်အလှန်လေးစားမှုဖြင့် အချိန်ယူ တည်ဆောက်ရဦးမည် ဖြစ်ကြောင်း အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနေသည့် ဒေါက်တာကျော်စွာဦးက မှတ်ချက်ပြု ပြောဆိုသည်။ 

“ဆရာဝန်တွေမှာလည်း နည်းနည်းတော့ ခံစားချက် ရှိမှာပေါ့” ဟု ဒေါက်တာကျော်စွာဦးက ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်အစား ဒေါက်တာသန်းအောင် ပြောင်းလဲရောက်ရှိလာပြီး နောက်ပိုင်း ယင်းသို့ တပ်မတော်သားများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုများ ရှိသောကြောင့် အုပ်ချုပ်ရေး၊ ကုသရေးပိုင်းဆိုင်ရာများတွင် လက်ရှိလုပ်ကိုင်နေသည့် ဆရာဝန်များနှင့် အဆင်မပြေမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
The Voice , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment