Pages

Sunday, June 28, 2015

ရသေ့တောင် ကျောင်းတိုက်မှ ကျောင်းနေ သံဃာတော်များကို မဟနအဖွဲ့ ညွန်ကြားစာ ထုတ်၍နှင်


RangonNewsDaily:: June . 27 .2015
မြို့နယ် သံဃာ့နာယက အဖွဲ့မှ အသိအမှတ် ပြုထားသော ရသေ့တောင် ကျောင်းတိုက်မှ ကျောင်းနေ သံဃာတော်များကို ဇွန်လ(၂၈) ရက်နေ့ ဖယ်ရှားပေးရန် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ ညွန်ကြားစာ ထုတ်၍ နှင်ထုတ်ထားကြောင်း ရသေ့တောင် ကျောင်းတိုက် သံဃာတော် များထံမှ သိရသည်။

နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့၏ ညွန်ကြားချက်ဖြင့် တိုင်းဒေသကြီး သာသနာရေးမှူး၊ ညွန်ကြားရေးမှူးက လက်မှတ်ရေးထိုး၍ ဇွန် (၁၉) ရက် ရက်စွဲဖြင့် သက်တော် (၉၀) ရှိ ကျောင်းထိုင် ဆရာတော်မှ တစ်ပါး အခြားသော ကျောင်းနေ သံဃာ (၃၂) ပါးကို မိမိပိုင်ပစ္စည်းများ ယူဆောင်၍ ထွက်ခွာပေးရန် နှင်ထုတ်သောကြောင့် ကျောင်းတိုက် တည်ရှိရာ ထောက်ကြန့်မြို့၊ မြောက်ပိုင်း ရပ်ကွက်၊ ပြည်လမ်းမဘေးရှိ ရသေ့တောင် ကျောင်းတိုက်၌ သံဃာတော်များက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မိန့်ကြားလာခဲ့ခြင်း ဖြစ်သည်။

““ဒီကျောင်းက အရင် ကျောင်းထိုင် ဆရာတော်ကြီးက ၀ယ်ထားတဲ့ မြေနေရာပါ။ ဒါပေမဲ့ ဆရာတော်ကြီးက သူမရှိချိန်မှာ ထိန်းသိမ်း စောင့်ရှောက်ဖို့ ဒေါ်ကျင်မှုံဆိုတဲ့ ဒကာမ တစ်ယောက်ကို အပေးအယူ မမြောက်တဲ့ စကားလုံးနဲ့ လွှဲပေးခဲ့ပါတယ်”” ဟု ရသေ့တောင် ကျောင်းတိုက်မှ ပဓာန နာယက ဆရာတော် ဦးခေမာစာရက မိန့်သည်။

ရသေ့တောင် ကျောင်းတိုက် တည်ရှိရာ မြေနေရာကို ကျောင်းတိုက်၏ မှုလဆရာတော် ဦးတိဿသီဟ(ပျံလွန်)က မူလ မြေပိုင်ရှင် ဦးအေးထံမှ ၁၉၇၄ ခုနှစ် မတ် (၂၁) ရက်က ၀ယ်ယူခဲ့ပြီး ကျောင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆရာတော်က ဒေါ်ကျင်မှုံအား အပေးအယူ မမြောက်သည့် သဘောဖြင့် ထိန်းသိမ်း စောင့်ရှောက်ရန် ၁၉၈၃ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်က လွှဲပြောင်းပေးခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အတူနေ တပည့် ဆရာတော် ဦးက၀ိန္ဒကို စာချုပ်ဖြင့် ကျောင်းလှူဒါန်းကာ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဆရာတော် ပျံလွန် ပြီးနောက်တွင် ဒေါ်ကျင်မှုံက ၎င်းအား လွှဲပြောင်းပေးခဲ့သည့် ကျောင်းဟု ဆိုကာ ဦးက၀ိန္ဒကို ရသေ့တောင် ကျောင်းမှ နှင်ထုတ်၍ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ (၁၆) ရက် နေ့စွဲဖြင့် စာချုပ် စာတမ်း ပြုလုပ်ကာ ယခုကျောင်းထိုင် ဆရာတော် ဦးခေမာစာရကို ပြန်လည် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဒေါ်ကျင်မှုံ၏ သားဖြစ်သူ ဦးတင်လှိုင်က ၎င်းပိုင်ဆိုင်ကြောင်း အဆင့်ဆင့် တင်ပြ ပြောဆိုလာပြီး ယခုကဲ့သို့ တိုင်းသံဃာနာယက နှင်ထုတ်လာခြင်း ဖြစ်ကြောင်း နာယက ဆရာတော်က ထပ်မံ မိန့်ကြားသည်။
““၂၀၁၄ ခုနှစ်က တစ်ကြိမ် နှင်ခဲ့ဖူးတယ်။ အဲဒီတုန်း ကလည်း အားလုံး ၀ိုင်းတားကြရပါတယ်။ အဲဒီတုန်းက မအောင်မြင်ခဲ့လို့ ဒီနေ့ ဒုတိယအကြိမ် နှင်တာပါ။ ပြီးတော့ ဦးတင်လှိုင်က ဒီကျောင်းကို အရောင်းအ၀ယ် လုပ်ထားတယ် လို့လည်း ကြားရပါတယ်”” ဟု ကျောင်း အကျိုးတော်ဆောင် ဦးမင်းခန့်က ပြောသည်။

မူလ ဆရာတော် ဦးတိဿသီဟက ဒေါ်ကျင်မှုံသို့ ပေးစွန့်သည့် အချိန်က အသိ သက်သေအဖြစ် ဆရာတော် (၄) ပါး ပါဝင် လက်မှတ်ရေထိုးခဲ့ပြီး ယင်းစာချုပ်သည် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက် နေ့စွဲဖြင့် စာအမှတ် - ၀၀၃/မန၀ိ/ခြား- ၉၂ မင်္ဂလာဒုံ မြို့နယ် သံဃာ့ နာယက အဖွဲ့မှ အသိအမှတ် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ရသေ့တောင် ကျောင်းတိုက်နေ သံဃာများ အနေဖြင့် ဖမ်းရှားခိုင်းသည့် ရက်တွင် မလိုက်နာပါက ၀ိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်း ဆုံးဖြတ်ချက်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့၊ စာအမှတ်၊ ၄၄၄/၂(၀ိ)/ ရကတ (၀၇၅၄) ဖြင့် နှင်ထုတ် လာခဲ့ခြင်း ဖြစ်သည်။

““ဒီကိစ္စက နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်ချပြီး ပြုလုပ်တာပါ။ သာသနာရေးနဲ့တော့ မဆိုင်ပါဘူး။ ပြီးတော့ ကျောင်းထိုင် ဆရာတော်ကြီး ကိုတော့ စောင့်ရှောက်ထားမှာပါ။ ကျန်သံဃာတွေကိုပဲ နှင်တာပါ။ ဆုံးဖြတ်ချက် ချထားတဲ့ ဆရာတော်ကြီးတွေ အနေနဲ့ မတရားလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”” ဟု တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ အမည် မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Messenger News, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment